ပရင့်၊ပီဒီအက်

Monday, December 14, 2009

မြန်မာ့ ကြယ်ငါးပွင့်ကို ဦးပိုင် လီမိတက် လွှဲပြောင်း ယူရန် ညှိနိုင်း

မေကျော် | နိုင်ငံပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်မှ လွှဲပြောင်း လုပ်ကိုင်ရန် ညှိနှိုင်းနေသည်။

နိုင်ငံပိုင် လုပ်ငန်း တခုဖြစ်သည့် မြန်မာ့ ကြယ်ငါးပွင့် လုပ်ငန်းကို ဦးပိုင် လီမိတက်က ၂၀၁၀ မတိုင်မီ လွှဲပြောင်းလုပ်ကိုင်နိုင်ရေး ညှိနှိုင်းနေခြင်း ဖြစ်သည်။

“သင်္ဘော တစင်းက ငှားပြီးပြီ ခင်ဗျ။ အခုဟာက လုပ်ငန်း တခုလုံး လွှဲပြောင်းဖို့ ညှိတယ်” ဟု မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း သုတေသနဌာန ၀န်ထမ်းတဦးက ပြောသည်။

စစ်တပ် ကျောထောက် နောက်ခံ စီးပွားရေး အုပ်စုဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ၂၀၁၀ မတိုင်မီ အကျိုးအမြတ်များသည့် နိုင်ငံပိုင် စီးပွားရေး တခုဖြစ်သော မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို နှစ်ရှည် ငှားယမ်း လုပ်ကိုင်ခွင့် ရရန် စီစဉ်နေခြင်း ဖြစ်သည်။

နိုင်ငံပိုင် လုပ်ငန်း ဖြစ်သည့် အတွက် ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ ၀န်ထမ်းများသည် အခြား နိုင်ငံတကာ သင်္ဘောလုပ်ငန်း ၀န်ထမ်းများထက် လစာ အဆမတန် နည်းပါးသည့်အတွက် ၀န်ထမ်းများက စွဲစွဲမြဲမြဲ လုပ်ကိုင်မှု မရှိကြကြောင်း သိရသည်။

“အဲဒီမှာ ပြဿနာက ဦးပိုင်က လစာပေးတာ များတယ်။ ကြယ်ငါးပွင့်က အစိုးရ ၀န်ထမ်း ဖြစ်နေတော့ လစာပေးတာ နည်းတယ်။ အဲဒီမှာ ဦးပိုင်နဲ့ လုပ်ချင် လိုက်ချင်တဲ့ ၀န်ထမ်းက များလာတယ်” ဟု ကြယ်ငါးပွင့် သုတေသနဌာနမှ ၀န်ထမ်းက ပြောသည်။

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတခုကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်း လုပ်ကိုင်ရန် စီစဉ်လိုက်ခြင်း ဖြစ်ပြီး အခြား ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ယှဉ်ပြိုင်ခွင့် မရှိဘဲ ဦးပိုင် တခုတည်းကိုသာ လက်သိပ်ထိုးပေးရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာ့ ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းသည် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတခု အဖြစ် ရပ်တည် လာသည်မှာ နှစ်ပေါင်း (၅၀) ကျော်ရှိပြီး ပင်လယ်ကူး သင်္ဘော (၁၃) စီး၊ ကမ်းရိုးတန်းသွား သင်္ဘော (၁၀) စီးရှိကြောင်း ၎င်းတို့၏ ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။

စစ်တပ် ကျောထောက် နောက်ခံ စီးပွားရေး အုပ်စု ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်ကို ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးက ဦးဆောင် လုပ်ကိုင် နေသည်။

source by : ခေတ်ပြိုင်

0 comments: