ပရင့်၊ပီဒီအက်

Friday, December 11, 2009

သမ္မတ အိုဘားမား၏ မိန့်ခွန်းမှာ မြန်မာ နိုင်ငံကို ဥပမာပေး ပြောသွား

အာအက်ဖ်အေ | အမေရိကန် သမ္မတ အိုဘားမား၊ နိုဘယ် ငြိမ်းချမ်းရေး ဆုယူပြီး မိန့်ခွန်း ပြောကြားရာမှာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့ အစိုးရတွေကို အပြစ်ပေး အရေးယူရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကို ဥပမာ အဖြစ် ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ နော်ဝေနိုင်ငံ အော်စလို့ မြို့တော်မှာ အခုလို ပြောကြား ခဲ့ပါတယ်။

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လက်ခံ ရယူပြီးနောက် ဒီဇင်ဘာ ၁၀ ရက်နေ့က အမေရိကန်သမတ ဘာရက်ခ် အိုဘားမား မိန့်ခွန်းစကား ပြောကြားနေပုံ ဖြစ်ပါသည်။(Photo: AFP)

ကိုယ့်တိုင်း ပြည်ထဲက ပြည်သူတွေကို အကြမ်းဖက် နှိပ်စက်ပြီး၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တဲ့ အစိုးရ တွေကို တူညီတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ တပြေးညီ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ လူမျိုးပြုတ် သတ်ဖြတ် နေတဲ့ ဒါဖာလို ကိစ္စ၊ အစီအစဉ် ရှိရှိ မုဒိန်းမှုတွေ ကျူးလွန်နေတဲ့ ကွန်ဂိုနိုင်ငံ၊ မတရား ဖိနှိပ်မှုတွေ ရှိနေတဲ့ မြန်မာပြည်၊ ဒီလိုကိစ္စတွေ အတွက် နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိရပါမယ် စသည်ဖြင့် သမတ အိုဘားမားက ပြောဆို သွားခဲ့ပါတယ်။

ဒါ့အပြင် အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ကိစ္စနဲ့တွေ ပြောဆိုရာမှာလည်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ အမေရိကန် နိုင်ငံ အနေနဲ့ နိုင်ငံအားလုံးရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာ ဓလေ့တွေကို လေးစားကြောင်း၊ ဒါပေမယ့်လည်း လူသား အားလုံး အရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာတော့ အမေရိကန်ပြည်ထောင်စုဟာ ပြောဆို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဥပမာ ပြုပြင်ပြောင်းလဲရေးတွေကို ကြိုးပမ်းဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဇင်ဘာဘွေနိုင်ငံက အာဏာရှင်ကို ဆန့်ကျင်မဲပေးခဲ့တဲ့ ပြည်သူတွေ၊ အီရန်နိုင်ငံက လမ်းမပေါ်တွေမှာ လွတ်လပ်ခွင့်အတွက် ချီတက်ခဲ့ကြသူတွေ၊ ဒီလူတွေရဲ့ ကြိုးပမ်းမှုတွေကို တွေ့မြင်ခဲ့ရပြီးဖြစ်ကြောင်း၊ သမတအိုဘားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

မစ္စတာ အိုဘားမားဟာ၊ သမတတာဝန်ကို ထမ်းဆောင်နေစဉ်၊ နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့တဲ့၊ ပထမဆုံး အမေရိကန်သမတ ဖြစ်လာ ပါတယ်။

သူဟာ နိုဘယ်ဆုကို လက်ခံ ရယူခဲ့ပြီးနောက် ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။ နိုင်ငံခေါင်းဆောင် သမတတဦးအနေ တိုင်းပြည်လုံခြုံရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အကြား၊ ဆောင်ရွက်ရပုံ စစ်ပွဲတွေ နဲ့ ငြိမ်းချမ်းရေးအကြား နက်နဲလှတဲ့ ဆက်နွယ်ချက်တွေကို ပြောကြားခဲ့ပါတယ်။

source by : အာအက်ဖ်အေ

0 comments: