ပရင့်၊ပီဒီအက်

Tuesday, September 28, 2010

ရွှေဝါရောင်တော်လှန်ရေး (၃)နှစ်ပြည့် အခမ်းအနား

MTN |ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလော်စတားနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) လွတ်မြောက်နယ်မြေ (မလေးရှား) မှဦးစီးကာ (၂၇-၉-၂၀၁၀) နေ့တွင် ဓမ္မိကာရာမ ဘုန်တော်ကြီးကျောင်း (ပီနန်း) တွင်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါသည်။



မနက်ပိုင်တွင် သံဃာတော် အရှင်သူမြတ်များအား ဆွမ်း၊အချိုပွဲအအေး အစရှိသည် ခဲဖွယ်ဘောဇဉ်များဖြင့် နေ့ဆွမ်း ဆပ်ကပ်လှူပူဇော်ကြပါသည်။ထိုနောက် ပီနန်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူကြကာ ရွှေဝါရောင်တော်လှန်ရေးအတွင်း ပျံလွန်တော်မှုခဲ့ကြ ၊ကျဆုံး ခဲ့ကြသော သံဃာတော် အရှင်မြတ်များ အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ပြုခဲ့သမျှသော ကုသိုလ်အပေါင်းအား အမျှပေးဝေခဲ့ပါသည်။ ထို့နောက် ကြွရောက်လာ ကြသော ဧည့်ပရိတ်သတ်များအား ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် အခမ်းအနားအစီအစဉ် များစွာဖြင့် ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ဝမ်းနည်ခြင်း ပွဲကို စည်ကားစွာကျင်းပခဲ့ကြပါသည်။ပထမဆုံး နံပါတ်(၁) အစီအစဉ်အရ ရွှေဝါရောင်တော်လှန်ရေးတွင် ကျဆုံးခဲ့ကြသူများ အတွက် ဝမ်းနည်းခြင်း အနေဖြင့် တစ်မီးနစ် ငြိမ်သတ်စွာရပ်၍ အခမ်းအနားကို စတင်ဖွင့် လစ်ခဲ့ ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသော သံဃာတော် အရှင်သူမြတ်များမှ သြဝါဒ များချီးမြင့်ခြင်း၊ တက်ရောက်လာသော အဖွဲ့အစည်း တချို့ မှခေါင်းဆောင်များ မှ မိမိတို့ ခံစားချက်များ၊ အမှတ်တရ ဖြစ်စဉ်များကို ပြောကြားခဲ့ကြပါသည်။အခမ်းအနားကို နေ့လည်(၁) နာရီမှ ညနေ ၃နာရီအထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့သံဃာတော်အရှင်သူမြတ်များ၊ NLD-LA(Youth)မှလူကြီးမင်းများနှင့် အဖွဲ့ဝင်များ၊လူဘောင်သစ် ပါတီ(မလေးရှား)မှ အတွင်းရေးမှုးနှင့် ဇနီး၊အခြား မိတ်ဖက်ပါတီ တချို့မှ အဖွဲ့ဝင်များ၊ သတင်း ဘလောက်ဂါတချို့ နှင့် ဧည့်ပရိတ်သတ်များ စိတ်ပါဝင်စားသော နိုင်ငံခြားသားတချို့ တို့ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားကိုဖြစ်မြောက်အောင်ကျင်းပ ပြုလုပ်ခဲ့ကြသော လူငယ်အဖွဲ့များ တက်ရောက်လာကြသည် ဧည့်ပရိတ်သတ်များ အားလုံး ၊အားလုံးတို့ ၏ ရင်တွင်း၌ နှစ်ပေါင်းမည်မျှကြာသည်ဖြစ်စေ ဘာသာ သာသနာကို စော်ကားခဲ့ကြသော မင်းဆိုး မင်းညစ်နှင့် နောက်လိုက်နောက်ပါများ အား အသည်းထဲမှနာကျည်း နေကြမည်ဖြစ်သလို ၊ အမျိုးဘာသာ ၊ သာသနာအတွက် အသက်စွန့်ကာ တာဝန်ကျေ ကျဆုံးခဲ့ကြသော အာဇာနည် ရဟန်းတော်များနှင့် အာဇာနည်ပုဂ္ဂိုလ်အပေါင်းတို့အား ယခုလို ကမ္ဘာကျော် သမိုင်းတွင်သည့် ရွှေဝါရောင်တော်လှန်ရေး နေ့ကိုရောက်ရှိတိုင်း အစဉ်ထာဝရ ဝမ်းနည်စွာ သတိယရှိနေကြမည်မှာ မလွဲဧကန် ဖြစ်မည်ဟု ယုံကြည်ပါမိသည်။


သတင်း- MTN
ဓါတ်ပုံ- CO2
အင်တာနတ်အခက်အခဲကြောင့် သတင်း နောက်ကျသွားခဲ့သည်ကို လုပ်ဖော်ကိုင်ဖက် ညီကို နောင်တော်များ နားလည်းခွင့်လွတ် ပေးကြပါရန်။

Wednesday, September 8, 2010

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ


ဧရာဝတီ| မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။

Mi24-Hind“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ ရဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ကတော့ မကွေး လေတပ် အခြေစိုက်စခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ ထိန်းချုပ်ရာတွင် ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်းစစ်ဆင်ရေးအတွက် အားဖြည့်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းဖို့ပါပဲ”ဟု လေတပ်နှင့် နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက် တချို့ကို အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊ ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2 ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းတွင် တောခိုသွားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ခြေမှုန်း တိုက်ခိုက်ခဲ့သည်။
source by :ဧရာဝတီ

စစ်တပ်မှပစ်ခတ်၍ သေဆုံးခဲ့သူ လူငယ် (၂) ဦးအလောင်း မီးသင်္ဂြိုဟ် ပြီးစီး


မျိုးချစ်သူ | ပဲခူးမြို့တွင် စစ်သားများက သေနတ်ဖြင့်ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံးခဲ့သည့်လူငယ် (၂) ဦး၏အလောင်းများကို ယနေ့ နေ့လယ် (၁၂) နာရီတွင် ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်တွင် သင်္ဂြိုဟ်ခဲ့သည်။

ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင် သရဏဂုံတင်ကာ ယင်းသုဿန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ပြီး လိုက်ပါပို့ဆောင်သူ ပရိသတ် (၂,၅၀၀) ကျော်ခန့် ရှိမည်ဟု အသုဘ လိုက်ပါပို့ဆောင်ခဲ့သူတဦးက ပြောသည်။

အဆိုပါ အသုဘအခမ်းအနားတွင် (ပြည်သူကို ကိုက်တဲ့စစ်ခွေးအလိုမရှိ) ဟူသော စာများ ပျံ့နှံ့ခဲ့ကြောင်း၊ မည်သူက ဝေငှခဲ့သည်ကိုမူ မိမိတို့အနေဖြင့် မသိရှိကြောင်း အဆိုပါ အသုဘပို့ခဲ့သူက ပြောကြားသည်။

ပဲခူးမြို့ခံတဦးကမူ “ပဲခူးကြခတ်ဝိုင်းကျောင်းတိုက်က ဆရာတော်တပါးကို အလောင်းနားမှာ ကြပ်မတ်ပေးဖို့ စစ်တပ်က လျှောက်ထားခဲ့တယ်လို့ သိရတယ်။ အလောင်းကို လုပြေးကြမှာစိုးလို့တဲ့” ဟု ပြောသည်။

ယနေ့နံနက် (၉) နာရီခန့်ကပင် ပဲခူး ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံအနီးတွင် လူဦးရေ (၄၀၀) ခန့်ရှိသည့် လူအုပ်ကြီးက အလောင်းများ ထုတ်ယူလာသည်ကို စောင့်ကြည့်နေခဲ့ကြသည်ဟု သိရသည်။

“ကလေးတွေကို ကြည့်ချင်တဲ့သူတွေလည်းပါတယ်။ သေတဲ့အထဲမှာ အသက် (၁၉) နှစ်ရှိတဲ့ မောင်စိုးပိုင်ဇော်က ဗိုလ်သင်တန်း ဖြေထားတဲ့ ကောင်လေးလို့ သိရတယ်။ ကောင်လေး မိတ်ဆွေတွေကတော့ အများကြီးပဲ။ သူ့သူငယ်ချင်းတွေပေါ့။ အခု ကျနော်မှန်းကြည့်တာ လူအုပ်ကြီးက (၂,၅၀၀) ကျော်လောက်ရှိမယ်။ ဆေးရုံအရှေ့ဘက်အပေါက်ကနေ အနောက်ဘက်အပေါက်ထိ ကျုံးရိုးလမ်းမကြီးတလျှောက်မှာ ရှိနေတယ်” ဟု မျက်မြင် ပဲခူးမြို့ခံက ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာ (၆) ရက်နေ့ကပင် ပဲခူးမြို့တွင် ခလရ (၅၉) မှ စစ်ကားများနှင့် လုံထိန်းကားများကို အစောင့်များ ချထားခဲ့သည်။

“အများဆုံးကတော့ ဆေးရုံအနားမှာရော၊ ကျွန်းသာယာ အဝေးပြေးဂိတ်ကစပြီးတော့ ဇိုင်းဂနိုင်းရပ်ကွက်ထိကို နေရာအနှံ့ပဲ စစ်ကားတွေ၊ ရဲကားတွေ ချထားတယ်။ အခုလို လုံခြုံရေးချတာဟာ သေနတ်နဲ့ပစ်ခံရတဲ့ ကောင်လေးတွေကြောင့်ပဲလို့ ထင်တယ်” ဟု ပဲခူးမြို့ခံတဦးက ပြောသည်။

သေဆုံးသော လူငယ်(၂) ဦး၏အလောင်းများ မြေကျသည်နှင့် လူငယ်အများစုနှင့် ပြည်သူအချို့တို့က ပဲခူး ရွှေမောဓောစေတီသို့ သွားရောက်ဆုတောင်းခဲ့ကြကြောင်း မြို့ခံမျက်မြင်တဦးက ပြောကြားသည်။

“သင်္ဂြိုဟ်တာက (၁၂) နာရီကျော်မှာ မီးသင်္ဂြိုဟ်လိုက်တယ်။ ပဲခူးမြို့မှာတော့ အစည်ဆုံး အသုဘတခုပဲ” ဟု အသက် (၃၀) ခန့်ရှိသူ ဇိုင်းဂနိုင်းရပ်ကွက်သား ဘွဲ့ရလူငယ်တဦးက ပြောသည်။

လူငယ်များအလောင်းကို စစ်တပ်မှ ဦးစီးကျင်းပပေးခဲ့ပြီး ပဲခူးမြို့မှ ကြက်ခြေနီများက ၀ိုင်းဝန်းသယ်ဆောင်ပေးကာ သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။

သေဆုံးသူ လူငယ်နှစ်ဦးမှာ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်း မြလမ်းတွင် နေထိုင်သူ မောင်စိုးပိုင်ဇော် အသက် (၁၉) နှစ်နှင့် မင်္ဂလာလမ်းတွင်နေထိုင်သူ မောင်အောင်သူဟိန်း အသက် (၂၃) နှစ်တို့ဖြစ်ကြသည်။

အဆိုပါ လူငယ် (၂) ဦးအပါအ၀င် လူငယ်တို့သည် ခြေလျင်တပ်ရင်းအမှတ် (၅၉) မှ အရာရှိဖြစ်သူနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ စက်တင်ဘာ (၅) ရက်နေ့ နံနက်ပိုင်းတွင် ထိုစစ်တပ်မှ စစ်သားက သေနတ်ဖြင့်ပစ်ခတ်သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
source by :NEJ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ တရုတ်နိုင်ငံရောက်ရှိ


ပေါက်ပေါက် | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့်အဖွဲ့သည် တရုတ်နိုင်ငံ ပီကင်းမြို့သို့ ယမန်နေ့က ရောက်ရှိလာပြီး တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့အား တွေ့ဆုံရန်ရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ မကြာသေးမီက အရပ်ဝတ်လဲခဲ့သည့် သူရ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ လိုက်ပါသွားသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ စီးပွားကူးသန်းဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး၊ သိပံ္ပနှင့်နည်းပညာဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးတို့လည်း လိုက်ပါသွားကြောင်း ယနေ့ထုတ် နအဖ သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်သမ္မတ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယခုလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ (၅) ရက်ကြာ အလည်အပတ်လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်တွင်းအခြေအနေအရပ်ရပ် ဖြစ်ထွန်းတိုးတက်မှုများအား အမြင်ချင်း ဖလှယ်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်အတွင်း ရှန်ဟိုင်းကုန်စည်ပြပွဲနှင့် ကွမ်ဒေါင်း ပြည်နယ်ရှိ ရှိန်းကျိန့်မြို့သို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး မစ္စစ် ကျန်းယု (Jiang Yu) က ယခုလ (၂) ရက်တွင် ကြိုတင်ပြောဆိုထားသည်။

ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်တပ်မှ နုတ်ထွက်ထားသူ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Chen Bingde နှင့် ယမန်နေ့က ပီကင်းတွင် တွေ့ဆုံခဲ့ကြပြီး ထိုသို့တွေ့ဆုံရာတွင် တရုတ်စစ်ဦးစီးချုပ်က စစ်ရေးအရ မြန်မာနှင့် ဆက်ဆံဆောင်ရွက်နေမှုအပေါ် တန်ဖိုးထားပါကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများက နှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်မျှော်ကာ စစ်ဖက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့တို့အား နအဖက နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်ရန်အထိ ရာဇသံပေးခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးက လက်မခံနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက တုံ့ပြန်ခဲ့ပြီး ယခုခရီးစဉ်ပေါ်ထွက်လာခဲ့သဖြင့် တရုတ်အစိုးရကတဆင့် တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များအပေါ် ဖိအားပေးမှုများ လုပ်လာမည်လားဟု ထင်မြင်မှုများလည်း အဖွဲ့အစည်းများအကြား ရှိနေသည်။

၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး တရုတ်အစိုးရသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခု၏ ပြည်တွင်းရေး ဝင်မစွက်ဖက်သည့်မူကို အမြဲတမ်းစောင့်ထိန်းခဲ့ပါကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ယခုရွေးကောက်ပွဲကို အပြုသဘောဆောင်သည့် အကူအညီများ ပေးမည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မစ္စစ် ကျန်းယုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံသို့ ရောက်ရှိနေခိုက် ယမန်နေ့တွင် ပြောဆိုခဲ့သည်။
source by :NEJ

ဆရာတော် ဦးဥတ္တမရုပ်တု ဂါရ၀ပြုခွင့်မရ


မင်းနိုင်သူ | ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် ၇၁ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေ ဦးဥတ္တမ ရုပ်တုရှေ့တွင် ဂါရ၀ပြုခွင့် တောင်းခံခဲ့ရာ စစ်တွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ခွင့်မပြုကြောင်း သိရသည်။

DSC-0147“ကျနော်တို့ ဒီလ ၂ ရက်နေ့က ဆရာတော် ဘုရားရဲ့ ရုပ်တုရှေ့မှာ ပါတီ ဗဟိုကော်မတီဝင် ၉ ဦးက ငြိမ်သက်စွာ ဂါရ၀ပြုခွင့်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းပါတယ်၊ ၇ ရက်နေ့မှာတော့ ခွင့်မပြုတဲ့ အကြောင်းပြန် ခဲ့ပါတယ်"ဟု ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ ရွေးကောက်ပွဲ ကော်မရှင်၏ အကြောင်း ပြန်စာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် ၉ ဦးက ဦးဥတ္တမ ခန်းမရှေ့ရှိ ဦးဥတ္တမ ရုပ်တုအား လာရောက် ဂါရ၀ပြုရန် တင်ပြချက်နှင့် ပတ်သက်၍ အဆိုပါ နေရာသည် နိုင်ငံရေး ပါတီများ ဟောပြောစည်းရုံး မဲဆွယ်ရန် မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာဖြစ် ခြင်းကြောင့် ခွင့်မပြုပါဟူ၍ ရေးသား ဖော်ပြထားကြောင်း သိရသည်။

စစ်တွေ ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းပြန်ကြားချက်နှင့်စပ်လျဉ်း၍ ဒေါက်တာအေးမောင်က“ဒီအကြောင်းပြချက်ဟာ ဆီလျော်မှု မရှိပါဘူး ၊ကျနော်တို့က ဟောပြောစည်းရုံးမှာလည်း မဟုတ်ပါဘူး ၊ ဆရာတော် ဦးဥတ္တမနေ့ကို လုပ်ခွင့်မပြုတာ တော်တော်ကြာပါပြီ ၊ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်နေပါပြီလို့ ဆိုထားတဲ့အတွက် တမျိုးသားလုံး လွတ်လပ်ရေး မျက်စိကို ဖွင့်ပေးခဲ့တဲ့ ဆရာတော်ကို ဂါရ၀ပြုခွင့် တောင်းခဲ့တာပါ ၊ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတဲ့ ဆရာတော်ရဲ့ ရုပ်တုနဲ့ ပန်းခြံဟာ ကျနော်တို့ ပြည်သူတွေရဲ့ ငွေကြေးတွေပါ ၊ အခုတော့ စည်ပင်က ပိုင်သွားပြီနေမှာပေါ့ဗျာ"ဟု ဆိုသည်။

ဆရာတော် ဦးဥတ္တမသည် ၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် တနင်္ဂနွေနေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ ရူပရပ်တွင် ဖခင် ဦးစံ မြ နှင့် မိခင် ဒေါ်အောင်ဖြူတို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည် မောင်ပေါ်ထွန်းအောင် ဖြစ်သည်။ ဆရာတော်သည် ငယ်ရွယ်ချိန်အခါကတည်းက ပညာရေးထူးချွန်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ ၀တ်ပေးရာ ရှင်ဥတ္တမ ဘွဲ့အမည် တွင်ခဲ့သည်။

အသက် ၁၉နှစ်တွင် ရဟန်းပြုပြီးနောက် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့ ရဟန်းဝတ်နှင့်ပင် သွားရောက်ခဲ့ရင်း နိုင်ငံ ရေးစိတ်၊ အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားခဲ့သည်။

ထို့နောက် ဆရာတော်သည် ၁၉၂၀ ခုနှစ် တွင် ဗမာတပြည်လုံးသို့ လှည့်လည်ကာ နယ်ချဲ့ဆန့်ကျင်ရေး တရားများကို ဟောပြောခဲ့ သည်။ ထိုသို့ ဟောပြောမှုဖြင့် ၁၉၂၀ မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁၂ လ အပြစ်ပေးခံရသည်။

ဆရာတော်သည် ၁၉၂၄တွင်လည်း“အစိုးရမကောင်းလျှင်မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေးဟာ ငါတို့မှာ ရှိတယ်၊ ငုံ့မခံကြနဲ့” ဟု ပြည်သူများကို လှုံ့ဆော်ဟောပြောခဲ့သည့်အတွက်ကြောင့် ဒုတိယ အကြိမ် ထောင် ၃ နှစ် ကျခဲ့ပြီး ၁၉၂၈ တွင် တတိယအကြိမ် အဖမ်းခံခဲ့ရသည်။

ထိုအချိန်က ဗြိတိသျှအစိုးရ ဘုရင်ခံချုပ်ကိုလည်း “ဆာ ရယ်ဂျီနယ် ကရက်ဒေါက် မင်းဗမာပြည်မှထွက်သွားပါ” ဟူသော စာကိုရေးသားပေးပို့ခဲ့သည်။

ဆရာတော်သည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့ပြီး ပျံလွန်တော်မှုချိန်တွင် သက်တော် ၆၀ နှစ်၊ ဝါတော် ၄၁ ၀ါ ဖြစ်သည်။ ဆရာတော် ပျံလွန်ချိန်အထိ နယ်ချဲ့အစိုးရကိုဆန့်ကျင်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရ တက်လာပြီး နောက်ပိုင်းမှစ၍ ဆရာတော်ဦးဥတ္တမနှင့် စပ်လျဉ်းသော အခမ်းအနားများ ပြည်တွင်း၌ ကျင်းပခွင့်မရတော့သည်မှာ ယနေ့တိုင်ဖြစ်သည်။
source by :ဧရာဝတီ

ကြံ့ဖွံ့ကို ရန်ကုန်လူထု လုံးဝ မဲမပေးဟု စစ်တမ်းက ဖော်ပြ

ခိုင်သွယ်| ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် နိုင်ငံတ၀န်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အင်အား အတောင့်တင်းဆုံး ပါတီအဖြစ် ရပ်တည်နေပြီး တခြားသော နိုင်ငံရေးပါတီများ အနေဖြင့် အင်အားချိနဲ့ နေသည့်အတွက် ပြည်သူလူထုက မဲပေးရန် အခက်အခဲတွေ့နေရကြောင်း သိရှိရသည်။
ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်း ဒေသကြီးရှိ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ် အားလုံးတွင် ၀င်ရောက် အရွေးချယ်ခံမည် ဖြစ်သောကြောင့် မဲပေးမည်လား ဆိုသည့်မေးခွန်း၊ စိတ်ကြိုက်ပါတီ ရှိပါသလား ဆိုသည့် မေးခွန်းနှင့် စိတ်ကြိုက်ပါတီ မတွေ့ပါက မဲထည့်မည်လား၊ မထည့်ဘဲ နေမည်လား ဆိုသည့် မေးခွန်းများကို ရန်ကုန်မြို့တွင် နေထိုင်သူ ၁၂၅ ဦးအား မေးမြန်းခဲ့ပါသည်။

ထို ၁၂၅ ဦးတွင် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်း အမျိုးသား၊ အမျိုးသမီး ၇၆ ဦးပါဝင်ပြီး အသက် ၄၀ နှင့်အထက် အမျိုးသား၊ အမျိုးသမီး ၄၉ ဦးအား မေးမြန်းခဲ့သည်။

ကြံ့ဖွံ့ပါတီကို မဲပေးမည်လားဟူသော မေးခွန်းကို ဖြေဆိုသူ ၁၂၅ အနက် ၁၁၃ ဦးက ကြံ့ဖွံ့ပါတီအား လုံးဝ မဲမပေးပါဟု ဖြေဆိုခဲ့ကြပြီး ၁၂ ဦးက မဲပေးမည်ဟု ဖြေဆိုသည်ကို တွေ့ရသည်။

“ကျမတို့ မြို့နယ်မှာ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အနေနဲ့ မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၀င်ပြိုင်မှာပါ။ ဒါပေမယ့် ပါတီကို မကြိုက်တဲ့အတွက် သူ့ကိုလည်း မဲမပေးဘူး၊ ပါတီကိုလည်း မဲပေးဖို့ စိတ်ကူးမရှိဘူး။ တခြားရွေးချယ်စရာ မရှိရင်တော့ မဲမပေးဘဲ နေမယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတဦးက ပြောပြသည်။

ထို့နောက် စိတ်ကြိုက်ပါတီ ရှိပါသလားဆိုသည့် မေးခွန်းကို မေးမြန်းရာ ၁၂၅ ဦးတွင် ၈၉ ဦးက မတွေ့သေးပါဟု ဖြေဆိုကြပြီး ၃၆ ဦး က လက်ရှိရွေးကောက်ပွဲဝင်မည့် ပါတီများထဲတွင် စိတ်ကြိုက်ပါတီရှိကြောင်း ဖြေဆိုကြသည်ကို တွေ့ရသည်။

“လက်ရှိ အချိန်အထိတော့ စိတ်ကြိုက်ပါတီအနေနဲ့ မတွေ့သေးပါဘူး။ ၉၀ ပြည့်နှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ကိုပဲ မဲပေးခဲ့တယ်။ အခုတော့ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ မဆုံးဖြတ်နိုင်သေးဘူး” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၅၆ နှစ်အရွယ် အမျိုးသားတဦးက ပြောသည်။

တာမွေမြို့နယ်တွင် နေထိုင်သူတဦးက “စိတ်ကြိုက်ပါတီ ရှိပါတယ်။ NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု) ပါတီပါ။ အဲဒီပါတီကို မဲပေးပါမယ်” ဟု ဖြေသည်။

ကမာရွတ်မြို့နယ်တွင် နေထိုင်သူ တဦးကလည်း “ကျနော်က NDF ပါတီကို သဘောကျပါတယ်။ ပါတီကို ကြိုက်တော့ ကိုယ်စားလှယ်လောင်းကို သဘောကျရင် မဲပေးမှာပါ” ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၆၀ သာ လိုတော့သည့်အတွက် စိတ်ကြိုက်ပါတီ မတွေ့ပါက မဲထည့်မည်လား၊ မထည့်ပဲနေမည်လား ဆိုသည့်မေးခွန်းကို ၈၉ ဦးအား ဆက်လက်မေးမြန်းခဲ့ရာ ၆၂ ဦးက မဲ မထည့်ဘဲ နေမည်ဟု ဖြေကြား ခဲ့ကြသည်ကို တွေ့ရသည်။

“လူတွေက ကြံ့ဖွံ့ပါတီကို ရှောင်ပြီးထည့်ကြမယ့် သဘောထားရှိတာကို တွေ့ရတယ်။ ခက်တာက အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်က အားနည်းနေတော့ လူတွေမှာ အခက်တွေ့နေတယ်၊ မဲမပေးဘဲ နေလို့ရတယ်ဆိုတာကို သိတဲ့သူက တကယ့် လူနည်းစုပဲရှိတော့ အတိုက်အခံပါတီတွေ မ၀င်နိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က အားကောင်းနေမှာပဲ” ဟု ပြည်တွင်း သတင်းဂျာနယ် တစောင်မှ အယ်ဒီတာချုပ်တဦးက ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့် ရရှိထားပြီးဖြစ်သော ပါတီများအနက် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) နှစ်ခုသာလျှင် နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် အင်အားအတောင့်တင်းဆုံး ပါတီများအဖြစ် ရပ်တည်နေသည်ကို တွေ့ရသည်။

ကြံ့ဖွံ့ပါတီသည် ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်သုံးရပ်စလုံး၏ မဲဆန္ဒနယ်အားလုံးတွင် ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်တို့က ၀င်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် အမတ်လောင်း ၄၅ ဦး၊ အမျိုးသားလွှတ်တော် အမတ်လောင်း ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော် အမတ်လောင်း ၉၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကရင်နှင့် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒများမှ အမတ်လောင်း ၁ ဦးစီ ပါဝင် ရွေးချယ်ခံမည်ဖြစ်ပြီး နိုင်ငံအနှံ့ရှိ မဲဆန္ဒနယ်အားလုံးတွင်လည်း ပါတီကိုယ်စားလှယ်လောင်းများ ရွေးချယ်ခံမည် ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသာဝင်းက ပြောသည်။

ဦးသာဝင်းက “ပြည်ခိုင်ဖြိုးပါတီ နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ပြည်သူတွေကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးပါလိမ့်မယ်” ဟု ဆိုသည်။

တစည ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၄၉ ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၃၇ ဦး ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားကြောင်း တစညပါတီ၏ နိုင်ငံရေးဌာနကြီးမှူး ဦးအောင်ငွေက ပြောသည်။

တစည ပါတီသည် မဲဆန္ဒနယ် ၁၀၀၀ ကျော်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ရည်မှန်းထားခဲ့ပြီး လက်တွေ့တွင် ၉၅ ရာခိုင်နှုန်းကျော် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီ၏ ကိုယ်စားလှယ်လောင်းများတွင် တချို့က မှတ်ပုံတင်ကြေးကို ကိုယ်ပိုင် အိတ်စိုက်ငွေကြေးဖြင့် ပေးသွင်းကြသကဲ့သို့ တချို့အတွက်မူ ပါတီက ငွေကြေးအတိုင်းအတာ တခုအထိ ထောက်ပံ့ ထည့်ဝင်ပေးခဲ့ကြောင်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်ဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် NDF ပါတီသည် ပြည်သူ့လွှတ်တော် အတွက် ၁၀၈ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၃၄ ဦးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် ၁၉ ဦး စာရင်းတင်သွင်းထားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေထံမှ သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အများဆုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး အခက်အခဲကြောင့် မျှော်မှန်းသလောက် မဖြစ်သည့်အတွက် အားမရကြောင်း ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း က ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ၎င်းတို့ပါတီသည် ကိုယ်စားလှယ်လောင်း ၆၀ ကျော် ၀င်ရောက်အရွေးချယ်ခံရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက အမတ်နေရာ ၈၀ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ပါတီ တို့ကလည်း အမတ်နေရာ ၉၀ ခန့်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီ ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောသည်။

နိုင်ငံရေးပါတီများမှာ ရန်ပုံငွေချို့တဲ့မှုကြောင့် ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းကို မိမိတို့ဘာသာ ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများသာလျှင် မှတ်ပုံတင်နိုင်ကြသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် ၀င်ရောက်နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

“ကြံ့ခိုင်ရေးကတော့ နိုင်ငံတော် အသုံးစရိတ်နဲ့ သွားနေတဲ့အတွက် ကိုယ်စားလှယ် မှတ်ပုံတင်ကြေးအတွက် သူတို့မှာ ပြဿနာ မရှိဘူးပေါ့။ ကျန်တဲ့ပါတီတွေကတော့ တော်တော်အခက်အခဲဖြစ်ပါတယ်။ အခုလို စည်းရုံးရေးဆင်းရမယ့် ကာလမှာတောင် ကျနော်တို့မှာ ငွေကြေးအခက်အခဲကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး ဖြစ်နေတယ်” ဟု နိုင်ငံရေးပါတီတခုမှ ရန်ကုန်တိုင်း တာဝန်ခံတဦးက ပြောသည်။

နိုင်ငံရေးပါတီတချို့က မဟာမိတ်ဖွဲ့၍ ကြံ့ဖွံ့ပါတီအား အဓိကထား ယှဉ်ပြိုင်သွားမည်ဟု စီစဉ်ဆောင်ရွက်လျက် ရှိသော်လည်း စည်းရုံးရေးဆင်းရန်အတွက် ငွေကြေးအခက်အခဲရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

(ဤစစ်တမ်း ဖြစ်မြောက်ရေးအတွက် ၀င့်နဒီ၊ ကျော်ကျော်၊ ကိုကိုလတ်၊ မောင်ဗေဒါ တို့က ကူညီပံ့ပိုးသည်။)
source by :ဧရာဝတီ

Monday, August 30, 2010

တရုတ်စစ်သင်္ဘော ၂ စင်း မြန်မာပြည်ရောက်

ဗွီအိုအေ

ဟောင်ကောင်သို့ အလည်အပတ် သွားရောက်ခဲ့သော တရုတ်စစ်သင်္ဘော။ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်တဲ့ အနေနဲ့ တရုတ်နိုင်ငံက စစ်သင်္ဘော ၂ စင်း ရန်ကုန်ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

တရုတ်စစ်တပ် အမှတ် ၅ စောင့်ရှောက်ရေးတပ်က ဖျက်သင်္ဘောတွေ ဖြစ်ကြတဲ့ ဂွမ်ဂျိုး (Guanhzhou) နဲ့ ချောင်ဟူ (Caohu) တို့ မနေ့မွန်းလွဲပိုင်းကပဲ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို ရောက်ရှိလာတဲ့အကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အခုလို ရောက်လာတဲ့ ၅ ရက်ကြာ ခရီးစဉ်ဟာ ၂ နိုင်ငံကြား စစ်တပ်နဲ့ ရေတပ်တို့အကြား ချစ်ကြည်ရင်းနှီးမှုတွေကို တိုးမြှင့်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာတာကိုတော့ မိုးထဲရေထဲမှာပဲ မြန်မာရေတပ် ဆိပ်ကမ်းတာဝန်ရှိသူ ဗိုလ်မှူးချုပ်ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ye Dabo အပါအ၀င် တာဝန်ရှိသူတွေနဲ့အတူ တရုတ်၊ မြန်မာ ဒေသခံ ၂၀၀ လောက် တက်ရောက် ကြိုဆိုခဲ့ကြကြောင်း သတင်းက ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တိုးတက်မှုတွေ မရှိလို့ နိုင်ငံတကာက ဝေဖန်ခံနေရတဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံတခုအဖြစ်နဲ့လည်း အများက ရှုမြင်ထားကြတာပါ။

၂ နိုင်ငံကြား ဆက်ဆံရေးတွေ တိုးမြှင့်နေတဲ့ အထဲက အခုလို စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေသာမက နိုင်ငံရေးအရ ဆက်ဆံမှုအဖြစ် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) ဇွန်လထဲတုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ရန်ကုန် သီလ၀ါဆိပ်ကမ်းကို မလာခင် တရုတ်စစ်သင်္ဘောတွေဟာ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံတွေကို သွားရောက်ခဲ့ကြောင်းလည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ

ဗိုလ်ချုပ်မှူးကြီးနှစ်ဦး ရာထူးမှ နုတ်မထွက်သေး


NEJ | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။

နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။

ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။

ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။
source by :NEJ

တပ်တွင်း ရာထူးတိုးမြှင့်မှုများ ပြုလုပ်


ပေါက်ပေါက် | သြဂုတ် (၂၇) ရက် နေ့စွဲဖြင့် နအဖစစ်တပ်အတွင်းရှိ ဗျူဟာမှူး၊ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး၊ ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှူး၊ တပ်မမှူးနှင့် တိုင်းမှူးတို့အား အဆင့်မြင့် ရာထူးတိုးမြှင့်မှုများ ပြုလုပ်ခဲ့သည်။

ယေဘုယျအားဖြင့် ဗျူဟာမှူးသည် စကခမှူးအဖြစ်လည်းကောင်း၊ စကခမှူး၊ တပ်မမှူးနှင့် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကျောင်းအုပ်ကြီးများသည် တိုင်းမှူးအဖြစ်လည်းကောင်း၊ တိုင်းမှူးသည် ကာကွယ်ရေးဝန်ကြီးဌာန အထူး စစ်ဆင်ရေးအဖွဲ့မှူး (ကစထ) အဖြစ်လည်းကောင်း အဆင့်မြင့်ရာထူးတိုးခဲ့သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဒီတခေါက် အဆင့်တိုးပြောင်းရွှေ့မှုလုပ်ခဲ့တာက အတော်လေးကြီးတယ်၊ စစ်တိုင်းအားလုံးတော့ မဟုတ်ဘူး။ အချို့တိုင်းဌာနချုပ်က ဗျူဟာမှူးတွေ၊ ဂျီဝမ်းတွေ (စစ်ဦးစီးပထတန်းအရာရှိ) က စကခမှူးအဆင့် တိုးသွားတယ်။ တိုင်းမှူး (၆) ယောက်က ကစထမှူး တက်ဖြစ်တယ်။ အရင် ကစထမှူးတွေကို အနားပေးသလား၊ ဘယ်နေရာ ပြန်ပေးသလဲဆိုတာတော့ အခိုင်အမာမသိရဘူး။ သေချာတာက အရင်ရှိနေတဲ့ ကစထမှူးအားလုံး နေရာဖယ်ပေးလိုက်ရတယ်။ တိုင်းမှူးတွေအားလုံး အသစ်ပြောင်းခဲ့တယ်” ဟု ပြောသည်။

ယခင် ကစထမှူးများမှာ ဒု-ဗိုလ်ချုပ်ကြီး ကိုကို၊ မြင့်ဆွေ၊ မင်းအောင်လှိုင်၊ သာအေး၊ အုန်းမြင့်နှင့် ခင်ဇော်တို့ဖြစ်ပြီး ယခု ကစထမှူးဖြစ်လာသူများမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ အလယ်ပိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမင်းနှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးတို့ဖြစ်သည်။

ပြင်ဦးလွင်အခြေစိုက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး မြတ်ထွန်းဦး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ညိုစော၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီး ကိုကိုနိုင်တို့အား အစားထိုးခန့်အပ်ခဲ့ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇေယျာအောင်အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဆန်းဦးအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ထွန်းနေလင်းအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း နေရာပြောင်းရွှေ့ခဲ့သည်။

ယခုကဲ့သို့ စစ်တပ်အတွင်း ရာထူးနေရာအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်ခြင်းသည် ထိပ်ပိုင်း စစ်ရာထူးများတွင် စုပြုံနေသည့် အသက် (၆ဝ) တန်းနှင့်အထက် စစ်ဗိုလ်ချုပ်များကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်ရန်အတွက် အတင်းအကျပ် နေရာဖယ်ရှားခိုင်းလိုက်ခြင်းဖြစ်သည်ဟု တရုတ်-မြန်မာစစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “သူတို့တပ်က ဖွဲ့စည်းပုံမှာ ပါသလိုပဲ အသက် (၆ဝ) အောက်သာ စစ်မှုထမ်းရမယ်ဆိုတော့ (၆ဝ) အောက်ကိုပဲ လက်ခံမယ့်သဘောပေါ့။ (၆ဝ) အထက် ကျော်တဲ့သူကို ရွေးကောက်ပွဲနဲ့ရောပြီး အတင်းအနားပေးတဲ့ သဘောတွေ ပါပါတယ်။ အဓိကတော့ တပ်အပြင်ရောက်သွားတဲ့သူတွေက ရွေးကောက်ပွဲဝင်ရမယ့်သူ အများစု ဖြစ်တယ်။ အပေါ်မှာက ပိတ်ပြီး အောက်မှာ ဂျန့်ဖြစ်နေတယ်။ အောက်ကလူတွေ တက်မရဖြစ်နေတယ်။ အဲဒါ အားလုံးကို ပေါင်းပြီး ဖြေရှင်းတဲ့သဘောပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ် ရာထူးအပြောင်းအလဲနှင့် အနားပေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည်လည်း စစ်ဘက်ရာထူးမှ အနားယူခဲ့သည့်ဆိုသည့်သတင်းများ အစောပိုင်းက ထွက်ပေါ်ခဲ့သည်။
source by :NEJ

Sunday, August 22, 2010

ခေတ်မီ မောင်းသူမဲ့ လေယာဉ်အသစ် အီရန် ထုတ်ဖော်ပြသ


အီရန်နိုင်ငံ စစ်ဘက်က မောင်းသူမဲ့ လေယာဉ်အသစ် တစင်းကို ဖော်ထုတ် ပြသလိုက်ပြီး အဲဒီလေယာဉ်ဟာ ဝေးလံတဲ့ အရပ်တွေဆီထိ စစ်ဆင်ရေး လုပ်နိုင်တယ်လို့ ဆိုပါတယ်။

သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) တက်ရောက်ပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဒီကနေ့ အခမ်းအနားမှာ လေယာဉ်ကို စစ်ဘက်က ပြသခဲ့တာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ် ဖော်ထုတ်ပြသသည့် အခမ်းအနားတွင် အီရန်သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် အမှာစကားပြောကြားနေစဉ်(ဓာတ်ပုံ ASSOCIATED PRESS)
တိုက်ခိုက်ရေးသမား ကာရာ (Karrar) လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ မိုင် ၆၂၀ ကျော်ထိ ပျံသန်းနိုင်ပြီး ၁၀၀ ကီလိုဂရမ် ဗုံးနှစ်လုံး ဒါမှမဟုတ် ၂၀၀ ကီလိုဂရမ် ဗုံးတလုံးကို သယ်ဆောင်နိုင်တယ်လို့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက ပြောပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်က ပစ်မှတ်တွေကို လျှင်မြန်တဲ့နှုန်းနဲ့ ပျံသန်း ပစ်ခတ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ရဲ့ ရန်သူတွေအတွက် ‘သေမင်း သံတမန်’ ဖြစ်တယ်လို့ မစ္စတာ အမာဒနီးဂျက်က ပြောတာကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ကျောင်းသား သတင်းဌာနကတော့ ‘မောင်းသူမဲ့ stealth ဗုံးကျဲလေယာဉ်’ လို့ အမည်ပေး ခေါ်ဆိုပါတယ်။

source by : ဗွီအိုအေ

နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိုက်တွန်းဖို့ အမတ်တွေ ပြင်ဆင်


မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမူ့မှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက် နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် သြဂုတ်လက မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (UN Photo/Paulo Filgueiras)

အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။

“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊ သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။
source by :rfa

ရိုဟင်ဂျာတွေကို ကြံခိုင်ရေး စည်းရုံး


စစ်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည် အနောက်ပိုင်း နယ်စပ်ဒေသက ရိုဟင်ဂျာ အများစု နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေမှာ လူထုကို မက်လုံးတွေပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။

ဒီလ (၁၉) ရက်နေ့က မောင်းတောမြို့ ဆေးရုံဟောင်းတခုကို ပြုပြင်ပြီး ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ရာမှာ ရန်ကုန်က ရိုဟင်ဂျာ ကုန်သည်တွေလည်း လိုက်ပါလာပြီး မကြာသေးခင်က ရေဘေးဒဏ်ကြောင့် ဒုက္ခ ရောက်ခဲ့သူတွေကို အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းကလည်း ရိုဟင်ဂျာတွေကို ယာယီ နိုင်ငံသားမှတ်ပုံတင် ကပ်ပြား အဖြူရောင် ထုတ်ပေးခဲ့ပေမယ့် တကယ်တမ်း ခရီးသွားရင် စစ်တွေမြို့အထိလောက်ပဲ သွားခွင့်ရတယ်လို့ ရိုဟင်ဂျာအရေး လေ့လာသူတဦးက ပြောပါတယ်။

“ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နအဖ ကြံ့ဖွတ်ပါတီက လာပြီးတော့ ကျနော်တို့ ဘာပေးမယ် ဘာလုပ်ပေးမယ်၊ ဒါပေမယ့် တခုပဲ ပေးတယ်။ အရင်က ယာယီမှတ်ပုံတင်ကဒ်ပြား အဖြူရောင်ကပ်ပြားတွေက အရင်က လုပ်ရမယ်ဆိုရင် (၂) သောင်း (၃) သောင်းလောက် ကုန်တယ်။ အခု လောလောဆယ်ကတော့ (၂) ထောင်နဲ့ (၃) ထောင်အကြားမှာ လုပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါပဲ ရှိတယ်။ ခရီးသွားခွင့်ကတော့ လွတ်လွတ်လပ်လပ် မရဘူး။ ဒါပေမယ့် စစ်တွေအထိပဲ သွားလို့ရတယ်”

ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ လူများစုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ဆန္ဒမဲကို ရရှိဖို့ အဓိက ကျတဲ့အတွက် စစ်အစိုးရက သူတို့အလိုကျ ဒေသခံ ရိုဟင်ဂျာနိုင်ငံရေး ပါတီတခု အချိန်မီ တည်ထောင်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

source by :rfa