ပရင့်၊ပီဒီအက်

Monday, December 14, 2009

ဈေးပေါသည့် စီဒီအမ်အေဖုန်း လျှောက်လွှာ တင်သွင်းသူ များပြား

တက်လူ | ယခု လကုန်တွင် နောက်ဆုံးထား လျှောက်ကြ ရမည့် ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မီဂါဟတ် တယ်လီဖုန်းများကို ပြည်တွင်း၌ အလုအယက် လျှောက်လွှာ တင်နေကြကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိ တဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ အဆိုပါ ဖုန်း လျှောက်လွှာများအား ရန်ကုန်မြို့တွင်း၌ စတင် ရောင်းချခဲ့ပြီး ယခုအခါ လျှောက်လွှာတစောင်လျှင် ကျပ် ၅၀၀ ထိ ဖြစ်လာကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“စရောင်းတုန်းကတော့ တစောင်ကို (၁၅၀) ကျပ်ကနေ စတယ်။ နောက်တော့ ဈေးတက်လာတာပါ။ ကျနော်ကတော့ (၃၀၀) ကျပ်နဲ့လည်း ရောင်းတယ်။ လျှောက်တဲ့လူတွေက များတယ်လေ” ပန်းဆိုးတန်းမှ တယ်လီဖုန်းလျှောက်လွှာရောင်းသူ တဦးက ပြောသည်။

အဆိုပါ စီဒီအမ်အေ (၈၀၀) မီဂါဟတ်ဖုန်းတွင် ဂဏန်း (၇) လုံး ပါဝင်မည် ဖြစ်ပြီး ခေါ်ဆိုခ နှုန်းမှာ မြို့တွင်း အထွက် တမိနစ် (၃၀) ကျပ်နှင့် အ၀င် အခမဲ့ ဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေး ကြိုးဖုန်းများထက် ဈေးသက်သာ သောကြောင့် ယခုကဲ့သို့ လူ စိတ်ဝင်စားမှုများနေခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိက ပြောသည်။

ကြည့်မြင်တိုင်တွင် နေထိုင်သူ တဦးက “ဒီဖုန်းကို လူတွေက အိမ်ဖုန်း အနေနဲ့ထားဖို့  ပိုပြီး စိတ်ဝင်စားကြတယ်။ ကြိုးလိုင်း ဖုန်းတလုံးကို ရန်ကုန်မှာ မြို့နယ်အလိုက် သိန်း (၂၀) ကျော်ကနေ သိန်း (၃၀) ကျော်ထိရှိတယ်။ ဒီဖုန်းတလုံးကို ကျပ် (၅) သိန်းလောက်နဲ့ ရမယ်ဆိုတော့ လူတိုင်းစိတ်ဝင်စားတာပေါ့လေ” ဟု ပြောသည်။

စီဒီအမ်အေ (၈၀၀) မီဂါဟတ်ဖုန်းသည် မိမိနေထိုင်ရာမြို့နယ်တခုဧရိယာအတွင်း၌ အထိုင်ဖုန်း Hand Set နှင့် လက်ကိုင် Hand Set နှစ်မျိုးလုံးနှင့် တွဲဖက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တမြို့နယ်တည်းတွင်သာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့်လည်း ဖုန်းငှားရမ်းခမှာ ငွေကျပ် (၅) သိန်း ဈေးသာရှိနေခြင်းဖြစ်မည်ဟု မြို့ခံများက ယူဆသည်။

သို့သော် ကျပ် (၅) သိန်းတန် စီဒီအမ်အေ (၈၀၀) မီဂါဟတ် တယ်လီဖုန်းများကို နအဖနှင့် နီးစပ်သူ အရာရှိကြီးများနှင့် ကြံ့ဖွံ့အဖွဲ့ ၀င်များနှင့် နီးစပ်သော အသိုင်းအ၀ိုင်း တို့အား ဦးစားပေး ချပေးမည် ဖြစ်ကြောင်း အဆိုပါ မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိ ဖြစ်သူက ပြောသည်။

ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးဝင်းအနီး ဖုန်းအရောင်းအ၀ယ် လုပ်သူတဦးကလည်း “သိတဲ့အတိုင်းပဲ။ လူတွေက ကြိုးဖုန်း အစားထိုးထားလို့ ရတာဆိုတော့ အခု ဖုန်းကို အပြင်ပေါက်ဈေးနဲ့တောင် ၀ယ်မယ့် အနေအထားမှာရှိတယ်။ အရာရှိတွေကလည်း လျှောက်ပြီး ရောင်းစားမှာပဲလေ။ ဂျီအက်စ်အမ်ဖုန်းတွေကိုပဲ ကြည့်လေ၊ ရောင်းစားခဲ့ကြတာပဲ။ အခုပြင်ပေါက်ဈေးက သိန်း (၄၀) ထိ ရှိခဲ့တာလေ။ ခုမှ ဈေးကျလာတယ်။ ခုလည်း ဒီဖုန်းတွေက အပြင် ပေါက်ဈေးတော့ တခုခု ဖြစ်လာမှာပဲ” ဟု ဝေဖန်ပြောဆိုသည်။

အဆိုပါ ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ရောင်းပေးတော့မည် ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးတို့တွင် အဆိုပါဖုန်း အလုံးရေ (၁၅၀,၀၀၀) ချပေးမည် ဖြစ်ကြောင်း ပြည်တွင်း သတင်း ဂျာနယ်များက ရေးသား ခဲ့ကြသည်။

ကျောက်တံတား မြို့နယ် မြန်မာ့ ဆက်သွယ်ရေး၊ တယ်လီဖုန်းငွေပေးသွင်းသည့် ဌာနမှ ၀န်ထမ်းတဦးကမူ ဖုန်းဈေး ချိုသောကြောင့် လူအများက အိမ်သုံးဖုန်း အဖြစ် အသုံးပြုရန် စိတ်ဝင်စားကြသော်လည်း တကယ်သုံးသည့် အခါတွင် အဆင်ပြေ မပြေဆိုသည်ကို မပြောနိုင်သေးဟု ဆိုသည်။

၂၀၀၁ ခုနှစ်မှစ၍ မြန်မာ့ ဆယ်သွယ်ရေးမှ ငှားရမ်းပေးသော ဂျီအက်စ်အမ် ဖုန်းများကို ပါမစ် ရရှိကြသူများမှာ နအဖ အရာရှိကြီးများနှင့် ဆွေမျိုး တော်စပ်သူများ၊ ဌာနဆိုင်ရာများနှင့် ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအ၀ိုင်း များသာ ဖြစ်ပြီး ယခုအခါ အဆိုပါ ဖုန်းပေါက်ဈေးမှာ အစိုးရဈေး (၁၅) သိန်း ( ၅) သောင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments: