NEJ | ယနေ့ မွန်းလွဲ ပိုင်းတွင် ပြုလုပ်မည့် အကျဉ်းသားများ လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသား အချို့ ပါဝင် နိုင်ကြောင်း ထောင်အာဏာပိုင်များက ခန့်မှန်း ပြောကြားသည်။
ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် အကျဉ်းသား (၇၁၁၄) ဦးကို လွှတ်ပေးမည်ဟု ဖော်ပြထား သဖြင့် ယနေ့ နံနက်ပိုင်းမှ စကာ အင်းစိန်ထောင် အရှေ့နှင့် ထောင်ဝင်း အတွင်းတွင် အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်(၅၀၀) ခန့်တို့က စောင့်ဆိုင်းလျက် ရှိသည်ဟု မျက်မြင်များက ပြောသည်။
ထောင် တာဝန်ကျ ၀န်ထမ်း တဦး၏ ပြောကြားချက် အရ ယနေ့ မွန်းလွဲ (၁)နာရီတွင် အခမ်းအနားဖြင့် လွှတ်ပေးမည်ဟု သိရသည်။

“ပြည်တွင်း သတင်းထောက် တွေရော၊ နိုင်ငံခြား သတင်းထောက်တွေ ကိုရော ဖိတ်ထား ပါတယ်။ အစတုန်းကတော့ နံနက်မှာလုပ်မယ်ပြောထားပေမယ့် အစီအစဉ် ပြောင်းထားပါတယ်။ လောလောဆယ် သတင်း ထောက်တွေ အပြင် ထွက်ခိုင်း ထားပါတယ်၊ အစီအစဉ်စမယ့် အချိန်နီးမှ ၀င်ခွင့်ပြုမှာပါ” ဟု အကျဉ်းဦးစီမှ တာဝန်ရှိသူက ပြောသည်။
ပြည်တွင်းနှင့် နိုင်ငံခြား သတင်းဌာနမှ သတင်းထောက် များကို အင်းစိန် ထောင်သို့ သောကြာနေ့ နံနက် (၉) နာရီ အရောက် လာပါရန် စာပေ စိစစ်ရေးက ဖိတ်ကြားခဲ့ခြင်း ဖြစ်ပြီး ယနေ့ မွန်းလွဲ (၁) နာရီတွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ အကျဉ်းသား လွှတ်ပေးသည့် အခါ ဓာတ်ပုံရိုက်ခွင့်၊ သတင်း ရယူခွင့် ပေးမည်ဟု သိရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ-ဘီ) ကမူ ယနေ့ စတင်လွှတ်ပေးမည့် အကျဉ်းသားများသည် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပ ဖိအားလျှော့နည်း စေရန်ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှုနှုန်းမှာ မရှိသလောက်သာ ဖြစ်မည်ဟု ပြောသည်။
အဖွဲ့၏ အတွင်းရေးမှူး ကိုတိတ်နိုင်က “မနေ့က နအဖကနေပြီး အကျဉ်းသား (၇,၁၁၄) ပြန်လွှတ်ပေးဖို့ ကြေညာတာရှိတယ်။ ယူအန် လုံခြုံရေး ကောင်စီမှာ နအဖ သံအမတ် ဦးသန်းဆွေကနေ၂၀၁၀ မတိုင်မီ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ကတိပေးထားတာ ရှိပါတယ်။ နိုင်ငံတကာက စဉ်ဆက်မပြတ် တောင်းဆို နေတာက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ် ပေးဖို့ ဖြစ်တယ်။ နအဖကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုပြီး တောက်လျှောက် ငြင်းဆိုခဲ့တယ်” ဟု ပြောသည်။
အကျဉ်းသားများ လွှတ်ပေးမှုသည် မြန်မာ့ ဒီမိုကရေစီ အရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် မဟုတ်ကြောင်း နအဖ၏ ဟန်ပြ လုပ်ဆောင်မှုသာ ဖြစ်သည်ဟုလည်း ကိုတိတ်နိုင်က ပြောသည်။
“ပြန်လွှတ်တဲ့ အထဲမှာလည်း ကောင်းမွန်စွာ နေထိုင်သူ၊ နိုင်ငံတော်ရဲ့ စေတနာကို သိမြင် လာသူတွေ လွှတ်ပေးတာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့၂၀၀၈ နဲ့၂၀၀၉ အစမှာ အကျဉ်းသား (၁၅,၀၀၀) ကျော် လွှတ်ပေးခဲ့တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား (၃၈) ဦးပဲပါတယ်။ အခုလည်းပဲ ပါဝင်မှုနှုန်းဟာ အင်မတန်နည်းလိမ့်မယ်လို့ မြင်ပါတယ်။ ပါဝင်တယ်ဆိုတာတောင်မှ လွတ်ရက်နီးသူတွေ၊ လွတ်ရက် စေ့သူတွေ၊ လွတ်ရက်ကျော် နေသူတွေ အများစု ဖြစ်မယ်လို့ မြင်တယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောသည်။
(အေအေပီပီ-ဘီ) အဖွဲ့၏ မှတ်တမ်းများ အရ မြန်မာ နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာ အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၂,၂၁၁) ဦးရှိသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment