မင်းနိုင်သူ | ရန်ကုန်တိုင်း တရားရုံးက ဒေါ်အောင်ဆန်းစုကြည် တို့၏ အယူခံ အမှုအား ယနေ့ လက်ခံ ကြားနာ ခဲ့ပြီးနောက် အောက်တိုဘာ (၂) ရက်နေ့တွင် အမိန့်ချမည် ဖြစ်ကြောင်း ရုံးချိန်း ပေးလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် အင်းစိန်အထူးတရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့မှုအပေါ် အယူခံခြင်းကို ရန်ကုန်တိုင်းတရားရုံးက ယနေ့ နံနက် (၁၀)နာရီမှ ညနေ(၄) နာရီခန့်အထိ နှစ်ဘက် ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့သည်။
ယနေ့ တရားခွင်တွင် လျှောက်လဲချက် ပေးခဲ့မှုများနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံ အမှုအတွက် ရှေ့နေကြီး ဦးကြည်ဝင်းက လျှောက်လဲချက် ပေးပါတယ်။ ကျနော်တို့ အဓိက လျှောက်လဲ ခဲ့ကြတာကတော့ ၁၉၇၄ အခြေခံ ဥပဒေဟာ မရှိတော့ဘူး။ မရှိတော့တဲ့အတွက် အဲဒီဥပဒေမှာပါတဲ့ ပုဒ်မတွေကိုသုံးပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်မိန့်၊ တားဆီးမိန့်တွေ လုပ်ခဲ့တာဟာ တရားမ၀င်ဘူး။ တရား မ၀င်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုစွဲဆိုတဲ့ ပုဒ်မကိုလည်း ကျူးလွန်ခြင်း မရှိဘူးလို့ လျှောက်လဲတယ်။ တဘက်ကတော့ ဒီဥပဒေဟာ စာနဲ့ပေနဲ့ တရားဝင် ဖျက်သိမ်းတာ မရှိသေးတဲ့ အတွက် အသုံးပြုလို့ ရတယ်။ အတည် ဖြစ်တယ်လို့ လျှောက်လဲပါတယ်” ဟု ရှင်းလင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်မှု မရှိတော့ကြောင်း သက်သေ ပြုနိုင်သည့် အထောက်အထား (၄) မျိုးကို တင်ပြ ခဲ့ကြောင်း သိရသည်။
“ရှေ့နေကြီး ဦးကြည်ဝင်းက သက်သေ အထောက်အထား (၄) မျိုးကို စာရွက်စာတမ်း တွေနဲ့တကွ တင်ပြခဲ့ပါတယ်။ အဲဒါ တွေကတော့ န၀တ အစိုးရက ထုတ်ခဲ့တဲ့ ကြေညာချက် အမှတ် (၁/၉၀)၊ အဲဒီကြေညာချက်မှာ န၀တအစိုးရက ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမှ အသုံးပြုမှု မရှိဘူးလို့ ဖော်ပြထားပါတယ်။ နောက်တခု ကတော့ ဗိုလ်ချုပ်ကြီး စောမောင်ရဲ့ တော်လှန်ရေး မိန့်ခွန်းပါ။ အဲဒီ မိန့်ခွန်းမှာက သူတို့အစိုးရက ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုမှ အသုံးမပြုဘူး။ သူတို့ဟာ မာရှယ်လောနဲ့ အုပ်ချုပ်တယ်လို့ ပြောထားတယ်။ တတိယ အချက်ကတော့ အခုမကြာခင် ရေးဆွဲထုတ်ပြန်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ။ အဲဒီဥပဒေ နိဒါန်းမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ၁၉၈၈ ခုနှစ်ကတည်းက ချုပ်ငြိမ်းသွားပြီလို့ ဖော်ပြထားတယ်။ စတုတ္ထ အချက်က ဒေါက်တာ မောင်မောင်ရေး ခဲ့တဲ့ “1988 – SURPRISE” ဆိုတဲ့ စာအုပ်မှာလည်း အဲဒီ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ချုပ်ငြိမ်းသွားပြီ ဆိုတာကို ဖော်ပြထားတယ်။ ဒီအချက် (၄) ချက်အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ မရှိဘူး။ သုံးလို့မရဘူး။ သုံးခဲ့ရင်လည်း တရားမ၀င်ဘူး။ ဒီလို အကျယ်တ၀င့် လျှောက်လဲချက် ပေးခဲ့ကြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယနေ့ နှစ်ဖက် လျှောက်လဲချက် ပေးခဲ့ကြအပြီး အမှုအပေါ် သုံးသပ်ရလျှင် ဒေါ်အောင်ဆန်းစုကြည်သည် ဥပဒေကြောင်း အရသာဆိုပါက လုံးဝ လွတ်မြောက် နိုင်မည်ဟု မျှော်လင့် ထားကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
မွန်းလွဲပိုင်းတွင် ရှေ့နေဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ အတွက် အယူခံ လျှောက်လဲချက် ပေးခဲ့သည်။
နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော ၀င်ရောက်ခဲ့မှု အတွက် နအဖ စစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့သည်။
ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်ချမှတ် ခဲ့ပြီးနောက် နအဖ အကြီးအကဲက နေအိမ် အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်ကို တ၀က် လျှော့လိုက်ပြီး ကျန်ပြစ်ဒဏ် တ၀က်အား ဆိုင်းငံ့ အဖြစ်ထားရှိရန် ပြည်ထဲရေး ၀န်ကြီးမှ တဆင့် အမိန့် ထုတ်ခဲ့သည်။
ထိုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း အတွက် စက်တင်ဘာ (၃) ရက်တွင် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း (၂၀) ကာလ အတွင်း နအဖ စစ်အစိုးရက (၁၄) နှစ်နီးပါး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ထားခဲ့သည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment