ဝီရ | ဘုရားသုံးဆူ နယ်စပ် ဒေသ ဒူးပလာယာ ခရိုင် အတွင်းရှိ ကေအန်ယူ ထိန်းချုပ်ရာ မဲကသာရွာသို့ ဒီကေဘီအေနှင့် မြန်မာ စစ်တပ်တို့က ဝင်ရောက် တပ်စွဲ ထားပြီးနောက် ပိတ်ထားခဲ့ရသည့် ကျေးရွာ စာသင်ကျောင်းနှင့် ဆေးပေးခန်းတို့ကို ယခု အထိ ပြန်လည် ဖွင့်လှစ် နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဘုရားသုံးဆူမြို့မှ (၁၂) ကီလို မီတာခန့်သာ ကွာဝေးသည့် မဲကသာရွာ၏ မူလတန်းကျောင်းသည် ကေအန်ယူ၏ ပံ့ပိုးရေး အစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ထိုကျောင်းသို့ မူလတန်းမှ (၅) တန်းအထိ တက်ရောက်နေသည့် ကျောင်းသူ/သား ဦးရေ (၉၀) ခန့်ရှိကြောင်း၊ ရက်ရှည် ပိတ်ထားခဲ့ရ၍ ကလေးများ ပညာရေး ထိခိုက် နစ်နာကြောင်း အဆိုပါရွာသို့ သွားရောက် လေ့လာခဲ့သည့် နယ်ခံ စေတနာ့ ဝန်ထမ်း တဦးက ပြောသည်။
၎င်းက “မိဘတွေက သူတို့ ကလေး တွေကို အိမ်အနီးအနား မှာပဲ ကစားခိုင်းတယ်။ အဝေးအထိ ပေးမသွား ရဲကြဘူး။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တာကိုး။ အဲဒီရွာက ကေအန်ယူရဲ့ နယ်မြေလေ။ အခု ဒီကေဘီအေ တပ်တွေတောင် မကဘူး။ နအဖ စစ်တပ် တွေလည်း ရှိနေတော့ ကျောင်းမသွားရင် နေပါစေ။ အိမ်မှာက ပိုပြီး လုံခြုံတော့ ဘာမှမတတ်နိုင်ဘူး။ ပညာရေးကို ဂရုမစိုက် အားကြဘူး” ဟု ဆိုသည်။

ထို့ပြင် မဲကသာရွာရှိ ဆေးပေးခန်းတွင် ဝင်ရောက်လာသည့် ဒီကေဘီအေ တပ်ဖွဲ့တို့က နေရာယူ တည်းခို နေသဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် ကျန်းမာရေး စောင့်ရှောက်မှုများ လစ်ဟာနေသည်ဟုလည်း အဆိုပါ စေတနာ့ ဝန်ထမ်းက ပြောကြားသည်။
ယခု လဆန်းပိုင်းတွင် ဗိုလ်မှူး နော်တရာ ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း (၉၀၇) က မဲကသာရွာသို့ စတင် ဝင်ရောက်လာပြီး ဘုရားသုံးဆူ အခြေစိုက် ခြေလျင် တပ်ရင်း ခလရ (၂၈၃) လက်အောက်ခံ စစ်ကြောင်း (၂) ကြောင်းတို့၏ အကူအညီဖြင့် ရွာအတွင်းနှင့် အပြင်ဘက်တွင် ကတုတ်ကျင်းတူးကာ တပ်စွဲထားသည်။
ပြီးခဲ့သည့် နှစ်ရက်တွင် မဲကသာရွာ အပြင်ဘက် သဘာဝ ကျေးရွာ အတွင်းသို့ ဒီကေဘီအေ တပ်ဖွဲ့တို့က လက်နက်ကြီး အပါအဝင် အဝေးမှ အချက်ပေါင်း (၃၀) ကျော် လှမ်းပစ်ခဲ့၍ ရွာသားများက စိုက်ပျိုးခြံများသို့ မထွက်ရဲကြဘဲ ကြောက်ရွံ့နေကြကြောင်း သိရသည်။
ထိုဒေသတွင်း တာဝန် ယူထားသည့် ကေအန်အယ်လ်အေ တပ်ရင်း (၁၆) တပ်ခွဲမှူးတဦးက “ကျနော်တို့ ဘက်က ရွာထဲမှာ ထိပ်တိုက်မဖြစ်အောင် တတ်နိုင်သလောက် ရှောင်နေပါတယ်။ ဒီကေဘီအေက ဒီလို အဝေးကနေ လှမ်းပစ်တော့ ရွာသားတွေ အပြင် မထွက်ရဲကြဘူးပေါ့။ အဲဒီ (၁၆) ရက်နေ့က ဒီကေဘီအေတွေ အပြန် ရွာသားတွေနဲ့တွေ့တော့ ခြိမ်းခြောက်တဲ့အနေနဲ့ ထပ်ပစ်သေးတယ်။ မဲကသာမှာ အခုဆိုရင် နအဖဘက်က ခလရ (၂၈၃) အပြင် ခလရ (၂၇၅) နဲ့ ခမရ (၃၅၆) တပ်ဖွဲ့တွေလည်း ထပ်ရောက်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
စက်တင်ဘာ (၁၂) ရက်က မြန်မာ စစ်တပ်၏ ခလရ (၃၈၆) မှ စစ်ကြောင်း တကြောင်းအား ချောင်းဆုံနှင့် ဘုရား သုံးဆူမြို့ အကြား လမ်းခုလတ်တွင် ကေအန်အယ်လ်အေ တပ်ရင်း (၁၆) က ချုံခို တိုက်ခိုက် ခဲ့သောကြောင့် မြန်မာ စစ်သား (၅)ဦး သေဆုံးကာ (၁၀) ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်ရင်း (၁၆) တပ်ခွဲမှူးက ပြောကြားသည်။
မဲကသာမှ သေနတ်သံများသည် ဘုရားသုံးဆူ မြို့ပေါ် အထိ ကြားနေရ၍ ညပိုင်း (၉) နာရီကျော်လွန်လျှင် အပြင် မထွက်ရဲကြ ကြောင်း မြို့ခံများက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment