ပရင့်၊ပီဒီအက်

Thursday, April 2, 2009

အင်တာနက်နှင့် လက်ကိုင်ဖုန်း ဆင်ဆာ အာဆီယံဒေသမှာ မြန်မာအဆိုးဆုံး

အင်တာနက်နဲ့ လက်ကိုင်ဖုန်း သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ဖိနှိပ်တဲ့အစိုးရတွေက စောင့်ကြည့် တင်းကျပ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House ဆိုတဲ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးက လေ့လာချက်သစ်တရပ် ထုတ်ပြန်လိုက်ပါတယ်။ရန်ကုန်မြို့ရှိ အင်တာနက်ကဖေး တခုတွင် ကွန်ပျူတာ အသုံးပြုနေကြသော လူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
အင်တာနက်နဲ့ လက်ကိုင်ဖုန်းသုံးစွဲသူတွေကို ဆင်ဆာလုပ်နေတဲ့ ၁၅နိုင်ငံစာရင်းကို ထုတ်ပြန်ပါတယ်၊ အင်တာနက်အသုံးပြုသူတွေကို ကျုးဘားနိုင်ငံက ကမ္ဘာမှာ အဖိနှိပ်အတင်းကျပ်ဆုံးလို့ ပြောပါတယ်။

တရုတ်၊ အီရန်၊ တူနီးရှားနိုင်ငံတွေဟာလည်း အင်တာနက်လွတ်လွတ်လပ်လပ် သုံးစွဲခွင့်မရတဲ့ နိုင်ငံတွေဖြစ်ပြီး အီဂျစ်၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ ကင်ညာ၊ မလေးရှား၊ ရုရှားနဲ့ တူရကီနိုင်ငံတွေဟာ တပိုင်းတစ လွတ်လပ်ခွင့်ရတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အင်တာနက်

သုံးသူဦးရေ ရာခိုင်နှုန်းနည်းပါးတဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ အင်တာနက် သုံးရာမှာ လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံဖြစ်တယ်လို့ မြန်မာ့သတင်းသမဂ္ဂ ဒု-ဥက္ကဋ္ဌ ဦးဇင်လင်းက ပြောပါတယ်။

ဦးဇင်လင်း။ ။'အင်တာနက် သုံးစွဲမှု အခြေအနေမှာ အာဆီယံဒေသအတွင်းမှာကိုပဲ နှိုင်းယှဉ်ချက်အရ ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက အပိတ်အဆို့ အဟန့်အတားတွေ အများဆုံးဖြစ်နေတယ်။ အဲဒါအပြင် ဈေးနှုန်းချင်း ယှဉ်ရင်လည်းပ ကျွန်တော်တို့ မြန်မာနိုင်ငံက ဈေးနှုန်း ကိုယ်နှိုက်က အဟန့်အတားကြီး ဖြစ်နေတယ်။ အင်တာနက် speedတွေကလည်း တအားနှေးတယ်၊ လွန်ခဲ့တဲ့ နှစ်လ သုံးလလောက်က ဆိုရင် အတွင်းနဲ့ အပြင်နဲ့ အသံနဲ့ ပြောလို့ရတယ်။ အသံဖိုင် ပို့လို့ရတယ်၊ စာဖိုင်တချို့လည်း အတော်အသင့်တွေ ပို့လို့ရတယ်ပေါ့လေ။ ဒါပေမယ်လို့ အခု ဒီတလလောက်အတောအတွင်းမှာ အဲဒီလို ကျွန်တော်တို့ အသံဖိုင်တွေ၊ စာဖိုင်တွေ အစရှိတဲ့ ဓာတ်ပုံ စသည်ဖြင့်ပေါ့လေ၊ ဒီလိုဟာမျိုးတွေ ပို့လို့မရတဲ့ အထစ်အငေါ့၊ အခက်အခဲ အများကြီး ဖြစ်တယ်။'

အင်တာနက်ဆိုင်အားလုံး မဟုတ်တောင် ဆိုင်တိုင်းလိုလိုမှာ spyware software တပ်ဆင်ထားတာမျိုး၊ အီးမေးလ်တွေ ခိုးအဖောက်ခံရတာမျိုး ရှိသလို အင်တာနက်သုံးသူတွေကို မှတ်တမ်းယူရတယ်လို့ တချို့ အင်တာနက် ကဖေးတွေက ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက် အင်တာနက်သုံးစွဲရတာ လုံခြုံစိတ်ချရမှု မရှိဘူးလို့ ဦးဇင်လင်းက ပြောပါတယ်။

ဒါဟာလည်း ၂ဝဝ၇ခု ရွှေဝါရောင် တော်လှန်ရေးမှာ ပြည်တွင်းမှာ ဖြစ်ပျက်သမျှ အင်တာနက်ကနေ သတင်းတွေ၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ အချိန်မဆိုင်းပဲ ကမ္ဘာကို ဖြန့်နိုင်တဲ့အတွက် နောက်ပိုင်း ပိုမိုတင်းကျပ်လာတာလို့ ဆိုပါတယ်၊

ဦးဇင်လင်းပြောသလို အင်တာနက်မြန်နှုန်း နှေးကွေးကျဆင်းရတာ မတ်လ ၂၁ရက်ကစတင်ပြီး ဘင်္ဂလားပင်လယ်အော် ရေအောက် cable ကြိုးပြုပြင်နေတာလို့ မြန်မာစစ်အစိုးရက အကြောင်းပြပါတယ်။

RFA သတင်းမှ


0 comments: