ပရင့်၊ပီဒီအက်

Wednesday, March 25, 2009

ရှမ်းရွှေ့ပြောင်းလုပ်သားများဘဝ ထိုင်းရုပ်မြင်သံကြား ထုတ်လွှင့်


ပြီးခဲ့တဲ့မတ်လ ၂၂ ရက်နေ့ည ၉ နာရီက ထိုင်း PBS ရုပ်မြင်သံကြားလိုင်းက ချင်းမိုင်မှာရှိတဲ့ ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ထိုင်းအာဏာပိုင်တွေက အနိုင့်အထက်ပြု ဖိနှိပ်ခဲ့တဲ့အကြောင်း ထုတ်လွှင့်ခဲ့ရာမှာ ထိုင်းပြည်သူတွေကြားမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝကို ပိုပြီးသိလာ၊ စာနာသနားမှုတွေ ဖြစ်လာကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)

ဒီသတင်းဇာတ်လမ်း ထုတ်လွှင့်ချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့က ချင်းမိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမားတယောက်က ကောလိပ်ကျောင်းသူတယောက်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တဲ့အမှုကို အကြောင်းခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမှုကြောင့် ချင်းမိုင်မှာရှိတဲ့ ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားတွေကို အာဏာပိုင်တွေက အတင်းအကျပ် ဖိနှိပ်ခဲ့တာကြောင့် ရှမ်းတိုင်းရင်းသားတွေဟာ အစုလိုက်အပြုံလိုက် မိမိတို့ရပ်ရွာကို ပြန်သွားခဲ့ကြရပုံကို တင်ပြထုတ်လွှင့်ခဲ့တာပါ။

ဒီအစီအစဉ်ကို ကြည့်ရှုခဲ့ကြသူတွေအဖို့ ဝမ်းပန်းတနည်း

စိတ်ထိခိုက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ သံဃာတော်တွေ အပါအဝင် ရှမ်းတိုင်းရင်းသားတွေ မျက်ရည်မဆည်နိုင် ဖြစ်ကြရပါတယ်။ ထိုင်းပြည်သူအများကလည်း ရှမ်းတိုင်းရင်းသားတွေ ထိုင်းနိုင်ငံထဲကို ဘာကြောင့် ဘယ်လို ရောက်လာကြတယ်ဆိုတာ သိရှိသွားခဲ့ကြပြီး သူတို့အကြောင်း ပိုသိချင်လာကြောင်း ပြောဆိုခဲ့ကြပါတယ်။

အဲဒီ ရုပ်မြင်သံကြားသတင်းဇာတ်လမ်းကြောင့် ထိုင်းလူ့အဖွဲ့အစည်းဟာ ရှမ်းရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ဒုက္ခကို စာနာနားလည်သွားခဲ့ကြတယ်လို့ ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာ ဦးခွန်ဆိုင်းကပြောပါတယ်။

ဦးခွန်ဆိုင်း။ ။ 'ဒီဟာ ထွက်လာပြီးတဲ့ နောက်ပိုင်းမှာတော့ ထိုင်းအလုပ်ရှင်တွေရော၊ ထိုင်း အာဏာပိုင်တချို့က ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝကို ပိုပြီးတော့ နားလည်လာတယ်၊ ပိုပြီးတော့ ဒီထက် နားလည်ချင်တယ်ဆိုပြီးတော့ ဒီလို feed back ပေးတာမျိုးတွေ ကျွန်တော်တို့ တွေ့ရပါတယ်။'

ထိုင်းနိုင်ငံ စီးပွားရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍ ကြီးမားတဲ့အကြောင်း ထိုင်းလုပ်ငန်းရှင်တွေ ကိုယ်တိုင်က ပြောဆိုလာကြတယ်လို့ ဦးခွန်ဆိုင်းက ပြောပြပါတယ်။

ဦးခွန်ဆိုင်း။ ။ 'တချို့ အလုပ်ရှင်တွေ ကိုယ်တိုင်က ပြောပါတယ်။ ဖြစ်နိုင်လို့ရှိရင်တော့ ထိုင်းနိုင်ငံ စီးပွားရေးစနစ်ကို ပြန်ပြီးတော့မှ ထူထောင်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ လုပ်အားကို အများကြီး လိုတယ်၊ အခုအများအားဖြင့် ထိုင်း လယ်သမားတွေ၊ အလုပ်သမားတွေက အခု သူတို့က အလုပ်ရှင်တွေ ဖြစ်သွားပြီ။ အဲဒီတော့ ကျွန်တော်တို့က သူတို့ရဲ့ လုပ်အားတွေ လိုနေတယ်၊ သူတို့ကို လက်မှတ်တွေ ထုတ်ပေးဖို့ လိုတယ်ပေါ့ဗျာနော်။ နောက်ပြီးတော့မှ ဒီ အခုလောလောဆယ် ကြည့်မယ်ဆိုရင်တော့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနကနေ ပြောတာကတော့ ချင်းမိုင်မှာ ဆိုလို့ရှိရင် လူက နှစ်သိန်းလောက် ရှိမယ်ပေါ့ဗျာနော်။ လူနှစ်သိန်းလောက်ထဲမှာ ဒီ စာရင်းရှိတာ၊ လက်မှတ်ရှိတာက သုံးသောင်းကျော်ပဲ ရှိတယ်။ အဲဒီတော့ အခု လောလောဆယ်က သူတို့ ထုတ်ပေးဖို့ ပေါ်လစီလည်း မရှိသေးဘူးပေါ့။'

အခုဆိုရင် ထိုင်းအစိုးရကတောင် နောက်ထပ် ရောက်ရှိလာသူတွေကို တရားဝင် မှတ်ပုံတင်လုပ်ပေးဖို့ စိတ်လည်လာနိုင်တယ်လို့ ဦးခွန်ဆိုင်းက ဆိုပါတယ်။
RFA သတင်းမှ


0 comments: