ပရင့်၊ပီဒီအက်

Friday, September 18, 2009

မီးအားကျ၍ ဓာတ်လှေကားများ မမောင်းနိုင် လုပ်ငန်းအားလုံး အခက်အခဲဖြစ်

အောင်ကျော်မိုး | ရန်ကုန်မြို့တွင် လျှပ်စစ် ဓာတ်အား အလွန်နည်း နေသဖြင့် ဟိုတယ်နှင့် အထပ်မြင့် အဆောက်အဦ တို့၏ ဓာတ်လှေကားများ မမောင်းနိုင်တော့သည့် အခြေအနေ ရောက်နေပြီး ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် အပါအဝင် လုပ်ငန်းပေါင်းစုံ အခက်အခဲ တွေ့နေကြကြောင်း စုံစမ်းသိရသည်။

ရန်ကုန်တွင် သြဂုတ် လဆန်းပိုင်း လျှပ်စစ်မီး ပုံမှန်ပေးချိန်မှ စပြီး မီးအား အလွန်နည်း နေသောကြောင့် မီးစက် အားကိုး လုပ်ဆောင် နေကြရကြောင်း နိုင်ငံခြားသားအများဆုံး လာရောက်တည်းခိုလေ့ရှိသည့် ရန်ကုန်တိုင်း ဒဂုံမြို့နယ် ဂရင်း မီးရထား ဟိုတယ်မှ ဝန်ထမ်း တဦးက ပြောသည်။

၎င်းက “ခုလပိုင်း လျှပ်စစ်ဗို့အားတွေ အရမ်းကျနေတော့ နေ့ဘက်ဆို ဓာတ်လှေကားတွေ မမောင်းနိုင်ဘူး။ မောင်းရင် ဓာတ်လှေကားတွေ ပျက်နိုင်သလို အန္တရာယ်လည်း ကြီးတယ်။ ကျနော်တို့ ဟိုတယ်မှာ ဓာတ်လှေကား နှစ်စင်းရှိတယ်။ ဒီတော့ နေ့ဘက်ဆိုရင် တစင်းကို နားထားပြီး ကျန်တစင်းကိုတော့ မီးစက်နဲ့ မောင်းတယ်။ ဒါတင်မက မီးအားအရမ်းကျတော့ ဟိုတယ်က အဲကွန်း စနစ်တွေကလည်း သိပ်အလုပ် မလုပ်တော့ သိပ်ပြီး မအေးဘူး။ နိုင်ငံခြားသားတွေက ကွန်ပလိမ်း တက်ကြတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ မီးအား အရမ်းကျတယ်လို့ သူတို့ကို ရှင်းပြတယ်။ ဒါပေမယ့် သူတို့နိုင်ငံတွေမှာ ဒါမျိုးမဖြစ်ဖူးတော့ သူတို့ နားမလည်ကြဘူး” ဟု ပြောသည်။

အလားတူ အထပ်မြင့် ကွန်ဒိုမီနီယံ တိုက်ခန်းများ၊ ဟိုတယ်များ ၌လည်း ဓာတ်လှေကားအတွက် မီးစက်ကြီးများ မောင်းနေကြရသည့် အပြင် ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန် များတွင်လည်း လျှပ်စစ်ဗို့အား အပြည့်အဝ မရရှိခြင်းကြောင့် နွေရာသီ ကာလများကဲ့သို့ မီးစက်ကြီးများ မောင်းပြီး အလုပ်လုပ်ရကြောင်း သိရသည်။

ထို့ကြောင့် စက်ရုံများ လုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရန် ဆောင်းရာသီနှင့် နွေရာသီတွင် တရက်ကို (၅) နာရီ အလှည့်ကျ စနစ်ဖြင့် မီးပေးနေကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြည်တွင်းသတင်းဂျာနယ်များကို ပြောကြားခဲ့သည်။

စက်မှုဇုန် စက်ရုံများတွင် စက်လည်ပတ်မှု အချိန် တနေ့ (၁ဝ) နာရီရှိသည့် အနက် (၅) နာရီသာ အစိုးရ လျှပ်စစ် ဓာတ်အားပေး ဌာနမှ မီးရရှိပြီး ကျန် (၅) နာရီကို မီးစက်များမောင်းပြီး ဖြေရှင်း နေရသည့် အတွက် ဒီဇယ် ဆီဖိုးငွေ အကုန်အကျ များကြောင်း လုပ်ငန်းရှင်များက ပြောသည်။

“လျှပ်စစ်မီး အတွက် အစိုးရဆီက မီးလာရင် တယူနစ် ကျပ် (၅ဝ) သာ ကျပေမယ့် ကိုယ့်ဘာသာကိုယ် ဒီဇယ် မီးစက်တွေနဲ့ လည်မယ် ဆိုရင် တယူနစ် ကျပ် (၄ဝဝ) လောက်ကျမှာဖြစ်လို့ ကုန်ကျ စရိတ်ကြီးပြီး ကုန်ပစ္စည်း ထုတ်လုပ်မှု စရိတ်တွေ မြင့်နေတာဖြစ်တယ်” ဟု လုပ်ငန်းရှင်များက ပြောသည်။

ယခုကဲ့သို့ လျှပ်စစ်မီးအား အပြည့်အဝ မရသည့် အတွက် ပြည်သူများသည် နေ့အချိန်တွင် အဲကွန်း၊ ရေခဲသေတ္တာ၊ ကွန်ပျူတာ စသည် တို့ကို အသုံးပြုနိုင်ခြင်း မရှိသည့် အပြင် ရေတွန်းစက်များလည်း အလုပ် မလုပ်သည့် အတွက် ရန်ကုန်မြို့၌ နေ့ဘက်တွင် ရေစုပ်မရ ဖြစ်နေကြောင်း သိရသည်။

နအဖ စစ်အစိုးရ လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ တာဝန်ရှိသူများကမူ ယခုကဲ့သို့ မီးအားမပြည့် ဖြစ်နေရခြင်းနှင့် ရန်ကုန်မြို့ရှိ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ မလည်နိုင် ဖြစ်ရခြင်းမှာ သဘာဝ ဓာတ်ငွေ့ လုံလောက်အောင် ပို့မပေး၍ ဖြစ်ကြောင်း သတင်း ထုတ်ပြန် ထားသည်။

ယခုကဲ့သို့ ပြည်သူများနှင့် စက်ရုံ အလုပ်ရုံများ လည်ပတ်ရန် သဘာဝ ဓာတ်ငွေ့ မပေးနိုင်သည့် စစ်အစိုးရသည် ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ တင်ပို့ရာမှ နှစ်စဉ် ဒေါ်လာ (၂) ဘီလီယံဝန်းကျင်ရရှိနေကြောင်း အစိုးရထုတ် စာရင်း ဇယားများတွင် ဖော်ပြထားသည်ကို တွေ့ရှိ ရသည်။

source : ခေတ်ပြိုင်

0 comments: