မုံပီး
တိုးတက် ကြီးထွားလာနေသော လွတ်လပ်မှုနှင့် တိုးပွားလာနေသော စီးပွားရေးတို့ ရှိနေသည့် အာရှတိုက်၏ မြေပုံတွင် မြန်မာနိုင်ငံမှာ အရုပ်အဆိုး အကျည်းတန်သော ဒုက္ခတရပ် ဖြစ်မြဲဖြစ်နေသည်ဟု ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ က ပြောသည်။
အာရှတိုက်၌ ဒီမိုကရေစီနှင့် လွတ်လပ်မှု ကျယ်ပြန့်ကြီးထွားလာချိန်၌ မြန်မာ အပါအဝင် အချို့ နိုင်ငံများတွင် ရုန်းကန် တိုက်ပွဲဝင်နေရခြင်းများမှာမူ ကြောက်မက်ဖွယ် ကောင်းဆဲဖြစ်ကြောင်း ဘန်ကောက်တွင် ယခုလ ၂၇ ရက်မှ ၃ဝ ရက်အထိ ကျင်းပသော ၁၅ ကြိမ်မြောက် အာရှ လစ်ဘရယ်များနှင့် ဒီမိုကရက်များကောင်စီ (CALD) ၏ အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ အဖိဆစ် က ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။
အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့ ဒီမိုကရေစီရေးအတွက်

မယိမ်းမယိုင် ဆက်လက် တိုက်ပွဲဝင်နေမှုသည် ကမ္ဘာတဝှမ်းလုံးမှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူများနှင့် CALD အဖွဲ့ဝင်တို့အတွက် ကြီးမားသော မျှော်လင့်ချက်နှင့် စေ့ဆော်မှုတရပ် ဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲမှာမူ ဒေသတွင်း ဒီမိုကရေစီတိုးချဲ့ရေးတွင် အကြီးမားဆုံး အတားအဆီး ဖြစ်မြဲဖြစ်နေကြောင်း အဖိဆစ်က ဆိုသည်။
“ကျနော်တို့ တိုက်ပွဲတချို့ဟာ တခြား တိုက်ပွဲတွေနဲ့စာရင် ပိုကြောက်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဖိနှိပ်တဲ့ စစ်အစိုးရကတော့ ကျယ်ပြန့်ကြီးထွားလာနေတဲ့ လွတ်လပ်မှုနဲ့ တိုးတက် ကြီးပွားလာနေတဲ့ စီးပွားရေးတို့ရှိတဲ့ အာရှတိုက်မြေပုံမှာ အရုပ်ဆိုး အကျည်းတန်တဲ့ ဒုက္ခကြီး ဖြစ်မြဲဖြစ်နေပါတယ်” ဟု အဖိဆစ်က တုံ့ပြန်ပြောဆိုခဲ့သည်။
အာရှတိုက်ရှိ နိုင်ငံအများအပြားတွင် စီးပွားရေးနှင့် အစိုးရစနစ်တို့၌ အသွင်ကူးပြောင်းရေး အဆင့်တွင် ရှိနေကြသည်။
ဤသို့ ပြိုင်ဆိုင်မှုများသည် တရားဥပဒေ စိုးမိုးမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသော အစိုးရစနစ်၊ ယုံကြည် အားကိုးထိုက်၍ လွတ်လပ်သော ရွေးကောက်ပွဲများ အစရှိသည့် မူဘောင်များအတွင်းတွင်သာ ရှိနေစေရန် လုပ်ဆောင်ရန်မှာ လစ်ဘရယ် ဒီမိုကရက်ပါတီများအတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားလိုက်သည်။
“လစ်ဘရယ်များအနေနဲ့ ကျနော်တို့ဟာ ကွဲပြားခြားနားလွန်းတဲ့ အကျိုးစီးပွားတွေ၊ အတိုက်အခံဖြစ်နေတဲ့ အနေအထားတွေကြားမှာ ဝင်ရောက်ဖျန်ဖျေပေးရာမှာ ဘုံတူညီတဲ့ အကြောင်းတရားကို ရှာဖွေပြီး တွေ့ဆုံဆွေးနွေးမှုကို အားပေးမြှင့်တင်တဲ့ အလုပ်ကို မဆုတ်မနစ် ဆက်လုပ်ဖို့ လိုတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
(မဇ္ဈိမ)သတင်းမှ

0 comments:
Post a Comment