ပရင့်၊ပီဒီအက်

Monday, February 16, 2009

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တွံတေးနဲ့သာယာဝတီ လက်မှတ်ရေးထိုး


နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင်တွေနဲ့ လူငယ်အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲ အနိုင်ရသည့် နှစ်ပတ်လည်နေ့ဖြစ်သော မေလ ၂၇ရက်နေ့က ရန်ကုန်မြို့ရှိ NLD ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြွေးကြော်သံများ ဟစ်ကြွေးနေသည့် NLD အဖွဲ့ဝင်များ။ (Photo: AFP)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နိုင်ငံရေးပါတီ ၇ ခုကနေပြီး ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာတော်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေအားလုံးကိုခြွင်းချက်မရှိ အမြန်ဆုံးပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အဲ့ဒီတောင်းဆိုထားတဲ့ စာရွက်စာတမ်းတွေအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစည်းအဝေး ဆုံးဖြတ်ချက်ကနေ အချက် ၇ ချက်ပါ ထုတ်ပြန်တောင်းဆိုထားတဲ့ စာရွက်စာတမ်းတွေကိုလည်း တွံတေးမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေ ပိုမိုသိရှိလာဖို့ ဖြန့်ဝေနေပြီ ဖြစ်တယ်လို့ တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင်တစ်ဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။



အဆုံး'ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို တွံတေးမြို့နယ်မှာရှိတဲ့ မြို့နယ်စည်းအဖွဲ့ဝင်တွေ၊ လူငယ်တွေကနေပြီး ပြည်သူတွေကို ဖြန့်ဝေနေပြီ။ ဒီနေ့ဆိုရင် သုံးရက်တောင်ရှိနေပြီ။ ကျေးရွာရပ်ကွက်တွေကို ဖြန့်ဝေတာ ဒီနေ့ထိဆိုရင် စောင်ရေ နှစ်ရာကျော် သုံးရာ မိတ္တူကူးပြီး ဖြန့်ပြီးပြီ။ ရပ်ကွက်ကျေးရွာတိုင်းမှာ နီးစပ်ရာချပြတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောထားတွေကို မေးတယ်။ နောက်ပြီး မရောက်သေးတဲ့ ကျေးရွာ ရပ်ကွက်တွေကို ဖြန့်ဝေမယ်၊ ဆန္ဒသဘောလည်း တောင်းခံမယ်'

နိုင်ငံရေးလှုပ်ရှားမှုကြောင့် မတရား အကျဉ်းကျခံနေရတာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအကြား ပိုမိုသိရှိလာအောင် ဖြန့်ဝေရှင်းပြနေပြီး ဒေသခံ ပြည်သူတွေပါ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးတာတွေကို လက်ခံရရှိနေပြီလို့လည်း ခုနက မြို့နယ်စည်းအဖွဲ့ဝင်ကပဲ ဆက်ပြောပါတယ်။

'ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။ ပြည်သူတွေကလည်း သဘောတူပြီးတော့ လက်မှတ်တွေ ထိုးပေးကြတာပါ။ အခုဆိုရင် သုံးရက်အတွင်းမှာ ပြည်သူတွေထိုးပေးတဲ့ လက်မှတ်တရာကျော် ရနေပြီ။ ဆက်ပြီးတော့လည်း ကျနော်တို့ မြို့နယ်စည်းနဲ့ လူငယ်တွေက ဆက်လုပ်သွားမှာပါ'

နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့ ထုတ်ပြန်တောင်းဆိုထားတဲ့ ကြေညာချက်တွေကိုတော့ တွံတေးမြို့နယ်အတွင်းက ကျေးလက်တောရွာတွေအထိ ဖြန့်ဝေသွားမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို ရရှိလာတဲ့ လက်မှတ်တွေကိုတော့ အဖွဲ့ချုပ်ကို ပေးပို့သွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် ရှစ်မြို့နယ်မှာလည်း အလားတူပဲ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့လှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၁၅ ရက် ခရိုင်အစည်းအဝေးကနေ ဆုံးဖြတ်ပြီး စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ သာယာဝတီခရိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ သာယာဝတီခရိုင်အတွင်းရှိ မြို့တွေကတော့ သာယာဝတီ၊ သုံးဆယ်၊ မိုးညို၊ လက်ပန်တန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းတို့ ဖြစ်ပါတယ်။

သာယာဝတီ ခရိုင်က အခြေအနေအပြည့်အစုံကို ဦးဇော်မိုးကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
RFAမှကူးယူပါသည်။


0 comments: