အောင်ထက် | မကြာမီက တည်ဆောက် ပြီးစီးသွားသည့် မိုးညို မြို့နယ် မြစ်မခ ရေကာတာကြောင့် အနီး ပတ်ဝန်းကျင်ရှိ အနိမ့်ပိုင်းကျေးရွာတို့ ရေလွှမ်းမိုးခံရကာ စိုက်ခင်းများစွာ ပျက်စီးတော့မည့် အရေးကို ဒေသခံများက စိုးရိမ်နေကြသည်။
မြစ်မခ ရေကာတာကြောင့် ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ အနိမ့်ပိုင်း ကျေးရွာများ၌ ရေနက်ကွင်း လယ်မြေများစွာ ထွက်ပေါ် လာမည် ဖြစ်ပြီး ဧရာဝတီ မြစ်ရေ တက်ချိန်၌ စိုက်ခင်းများစွာ ပျက်စီးလိမ့်မည်ဟု ဒေသခံ တောင်သူများက ပြောသည်။
“အခု မြစ်မခ ရေကာတာ ပြီးသွားပြီ။ ရေကာတာ အဟောင်းနဲ့ အသစ်နှစ်ခုကြား လယ်မြေတွေ အရမ်း ကောင်းသွားတာ မှန်တယ်။ ဒါပေမယ့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ အနိမ့် လယ်မြေတွေ ပျက်တော့မယ်။ အဲလို ဒေသ တခု ကောင်းစားပြီး ဒေသ သုံးခုလောက် ပျက်စီးမယ့်အရေးက သဘာဝတော့ မကျဘူး။ ပြီးတော့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင် စားသောက် လာတဲ့ အင်းလုပ်ငန်း တွေလည်း ပျက်စီးဦးမှာဆိုတော့ မိုးညိုမှာ လယ်မြေကောင်းတွေ ပေါ်လာတာ သိပ်ပြီးတော့ အကျိုးအမြတ် မကွာလှပါဘူး” ဟု မိုးညိုမှ တောင်သူတဦးက ပြောသည်။

မြစ်မခရေကာတာကို ဧရာဝတီမြစ်ကမ်းနံဘေးရှိ တာရိုးဟောင်းနှင့် (၅) မိုင်၊ (၆) မိုင်ခန့်အကွာ၌ ယှဉ်လျက်တည်ဆောက် ထားပြီး ဧရာဝတီလက်တက်ခွဲ မြစ်မခ မြစ်ရိုးသည် ရေကာတာ အဟောင်း၊ အသစ် နှစ်ခုကို ဖြတ်ဖောက် စီးဆင်းနေသည်။
“မြစ်မခမြစ်ရိုးက ပုံမှန် ပေ (၁၅၀) လောက် ကျယ်တယ်။ မြစ်ရိုးတလျှောက် အရှေ့၊ အနောက် ဖြာထွက်နေတဲ့ ချောင်းသွယ် (၇၀၊ ၈၀) လောက်ရှိတယ်။ အဲဒီထဲက မြစ်ရိုး အနောက်ဘက်ကိုစီးနေတဲ့ စံပြထိပ် ချောင်းသွယ်၊ ကရင်ချောင်ချောင်းသွယ်၊ တုတ်ရိုက် ချောင်းသွယ်၊ အောက်လှေချောင်း ချောင်းသွယ်၊ ဆယ်ကျိုး ချောင်းသွယ် အပါအ၀င် လက်တက်သွယ်တွေကို မြစ်မခ တာရိုးအသစ်က ပိတ်ပြီး တည်ဆောက်လိုက်တယ်။ အဲလို ရေလမ်းကြောင်းပိတ်သွားတော့ ပုံမှန်စီးနေတဲ့ ရေကြောင်းက ရေကာတာနံရံကို ပြန်ရိုက်ပြီး အရှေ့ဘက် လယ်မြေတွေဘက် ပြန့်ထွက်လာတယ်” ဟု မိုးညို ဒေသခံတဦးက ရှင်းပြသည်။
အဆိုပါ ရေပြန့်ကျယ်သည် မြစ်မခမြစ်ရိုး အရှေ့ဘက်ရှိ ကြို့ပင်ကောက်၊ အုတ်ဖိုနှင့် မင်းလှ အနိမ့်ပိုင်း လယ်မြေများဆီ ရေကြောင်းဦးတည်နေသောကြောင့် အဆိုပါလယ်မြေများ မလွဲမသွေ ရေလွှမ်းခံရတော့မည်ဟု ၎င်းက ဆက်လက်ပြောသည်။
မြစ်မခရေကာတာ စတင်တည်ဆောက်ချိန် ၂၀၀၅ ခုနှစ်က (၂) ကြိမ်၊ ၂၀၀၈ ခုနှစ် အတွင်း (၃) ကြိမ် မြစ်ရေကြီးခဲ့ပြီး ကြို့ပင်ကောက်၊ အုတ်ဖို လယ်မြေများစွာ ပျက်စီးခဲ့ရသည်။
“မြစ်မခ ရေကာတာနဲ့ပတ်သက်လို့ တကယ် အကျိုးရှိသွားတာက ပြည်သူတွေမဟုတ်ပါဘူး။ စီမံကိန်း တာဝန်ရှိသူတွေနဲ့ တည်ဆောက်ရေး ၀န်ထမ်းတွေပါပဲ” ဟု ဒေသခံများက ပြောသည်။
ယခု တည်ဆောက်ပြီး မြစ်မခရေကာတာသည် အောက်ခြေဖောင်ဒေးရှင်း ကျဉ်းပြီး အမြင့် ဦးစားပေး တည်ဆောက်ထားသည့် အတွက် လက်ရှိအနေအထားတွင် အပေါ်ယံမြေသားများ နေရာအနှံ့ ပဲ့ကျနေကြောင်း သိရသည်။
မြစ်မခရေကာတာသည် မြစ်ရေတား သာမန်ရေကာတာ တခုဖြစ်ပြီး တာရိုးအရှည် (၁၂) မိုင်၊ တာထိပ်အကျယ် (၁၂) ပေ၊ အမြင့် (၁၈) ပေနှင့် တည်ဆောက်ချိန် (၄) နှစ်ကြာမြင့်ခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာနမှ သိရသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment