ပရင့်၊ပီဒီအက်

Friday, December 18, 2009

တရုတ် ဒုသမ္မတနှင့် ဗိုလ်ချုပ်ကြီးများ တွေ့မည်

ရန်ပိုင် | မနက်ဖြန်တွင် စတင်မည့် တရုတ်နိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် (Xi Jinping) ၏ မြန်မာပြည် ခရီးစဉ် အတွင်း ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရာတွင် လက်နက်ကိုင် အဖွဲ့ အများအပြား ရှိသည့် တရုတ် မြန်မာ နယ်စပ် အရေး နှင့် နှစ်နိုင်ငံ သွယ်တန်း နေသည့် ဓာတ်ငွေ့ ပိုက်လိုင်း အရေးတို့ကို ဆွေးနွေး လိမ့်မည်ဟု နိုင်ငံရေး အကဲခတ်များက ခန့်မှန်း နေကြသည်။


တနင်္လာနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရသော တရုတ် ဒုတိယသမ္မတ (ဓာတ်ပုံ - AP)
ယခင်က တရုတ် ပြည်သည် ကွန်မြူနစ် စနစ်ကိုသာ ဦးစားပေးခဲ့သည့် အတွက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွား ခဲ့ကြောင်း၊ လက်ရှိ တရုတ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးသည် စစ်အေးခေတ် နိုင်ငံတကာ ဆက်ဆံရေးနှင့် မတူတော့ကြောင်း ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက သုံးသပ်လိုက်သည်။

“အရင်တုန်းက နယ်စပ် တိုက်ပွဲတွေမှာ တရုတ် လက်ရာတွေ ချည်းပဲ ၊ အခုတော့ ကိုးကန့်ကိစ္စတောင် တရုတ်က သိပ်ပြီးပါတော့တာမှ မဟုတ်တာ၊ စီးပွားရေး အကျိုးအမြတ် ရှိတယ်လေ” ဟု သခင် ချန်ထွန်းက ဧရာဝတီသို့ ပြောပြသည်။ ယနေ့ခေတ် တရုတ်နိုင်ငံသည် စီးပွားရေး ဦးစား ပေးသော နိုင်ငံ ဖြစ်လာပြီဟု သူက ဆိုသည်။

တရုတ် ဒုသမ္မတ ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး ဟောင်ကောင် တက္ကသိုလ်မှ ပါမောက္ခ တဦး ဖြစ်သူ မစ္စတာ ရစ်ချတ်ဟူ ကလည်း သခင် ချန်ထွန်း နည်းတူ သုံးသပ် မိသည်ဟု ဆိုသည်။

တရုတ် မြန်မာ နယ်စပ် တလျှောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများအပြား အခြေစိုက်ထားကြသည်။ မကြာသေးမီက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နယ်စပ် ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင်လည်း တင်းမာမှုများ ပေါ်ပေါက် နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရေးအတွက် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ အထိ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကြီး တခုကိုလည်း စတင်နေပြီ ဖြစ်သည်။

တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့မှ စတင်ပြီး ၂၂ရက်နေ့ အထိ အာရှနိုင်ငံများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ ခရီး လှည့်လည်ရန် စီစဉ်ထားသည်ဟု သိရသည်။

မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။ ပါတီ၏ ပေါ်လစ်ဗျုရို အဖွဲ့တွင် ဆဋ္ဌမ အရေးအပါဆုံး ခေါင်းဆောင်ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ် လိုက်သည့် ၂၀၀၉ ခုနှစ် အတွက် နိုင်ငံတကာရှိ သြဇာ တိက္ကမ အကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲတွင် မစ္စတာရှီကျင့်ဖျင်သည်လည်း တဦး အပါအ၀င် ဖြစ်သည်။

၁၇ ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီ၏ ညီလာခံ ပြုလုပ်စဉ် ဗဟို စစ်ကောင်စီ ဒုဥက္ကဋ္ဌ အဖြစ် မစ္စတာ ရှီကျင့်ဖျင် ရွေးချယ် ခံရမည်ဟု ယူဆမှုများ ထွက်ပေါ် လာခဲ့ဖူးသည်။ သို့သော်လည်း ရွေးကောက်ခြင်း မခံခဲ့ရပေ။

ဗဟို စစ်ကောင်စီတွင် ထိုသို့ တာဝန် ပေးအပ်ခြင်း မခံရသည့် အတွက် မစ္စတာ ရှီကျင့်ဖျင်သည် အနာဂတ်တွင် တရုတ် နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည် မဟုတ်ဟု အကဲခတ်တချို့က ဆိုကြသည်။

သို့သော်လည်း မြန်မာ အပါအဝင် အာရှတိုက်နိုင်ငံများသို့ ခရီးလှည့်နေသည့် မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ပြည်၏ သမ္မတ ဖြစ်လာဖွယ် ရှိသည်ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ရစ်ချတ်ဟူက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်ကို တွေ့ရသည်။

မကြာသေးမီက ယူနန် ပြည်နယ်၊ ချန်ဒူးစစ် ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်(Ai Husheng) မြန်မာပြည်သို့ သွားရောက် ခဲ့သည်။ ယူနန် ပြည်နယ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဒုသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ်သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း ဇွန်လက တရုတ်ပြည်သို့ တတိယ အကြိမ် သွားရောက်ခဲ့သေးသည်။

source by : ဧရာဝတီ

0 comments: