ပရင့်၊ပီဒီအက်

Monday, December 28, 2009

စစ်အစိုးရက (၂) နှစ်သက်တမ်း ငွေတိုက် စာချုပ်များ ထပ်တိုး ရောင်းချမည်

စိုးမိုး | စစ်အစိုးရက ငွေစက္ကူသစ် (၅) ထောင်တန်များ ထုတ်လုပ်ပြီးနောက်ပိုင်း ငွေတိုက်စာချုပ်များ တိုးမြှင့် ရောင်းချရန် ယနေ့ ကြေညာလိုက်သည်။

လာမည့်နှစ်သစ် ၂၀၁၀ ဇန်န၀ါရီ (၁) ရက်နေ့မှစပြီး ငွေကျပ် (၁) သောင်းမှ (၁၀) သန်းအထိ (၂) နှစ်သက်တမ်း ငွေချေးစာချုပ် များကို စစ်အစိုးရက ထပ်တိုးရောင်းချမည်ဖြစ်သည်။ ယင်းမှာ ယခု (၅) ထောင်တန် ငွေစက္ကူသစ်များ ထုတ်ပြီးနောက်ပိုင်း ပြည်သူထံမှ ငွေချေးသည့်သဘောဖြင့် ငွေတိုက် စာချုပ်များ ရောင်းချရန် ကြေညာလိုက်ခြင်းဖြစ်သည်။

“အမှန်ကတော့ သူက ပြည်သူလူထုဆီက ငွေချေးတဲ့သဘော။ ဒီတော့ ထပ်ထုတ်တယ်ဆိုတော့ ပြည်သူလူထုဆီက ငွေထပ်ချေးတဲ့ သဘောပေါ့” ဟု စီးပွားရေးပညာရှင် ဦးခင်မောင်ညိုက ပြောသည်။

ပုံမှန်အားဖြင့် အစိုးရ တရပ် အနေဖြင့် ငွေလိုအပ်ချိန်၊ အခြား ရင်းနှီးမြှုပ်နှံမှုများ မလုပ်ကိုင်လိုသော အချိန်၊ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်လိုချိန်တို့တွင် ပြည်သူသို့ နိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေ လက်မှတ်ရောင်းချမှုများ လုပ်ဆောင်လေ့ရှိရာ ဆယ်စုနှစ် တခုအတွင်း စစ်အစိုးရက ငွေတိုက်စာချုပ် အသစ်တမျိုး ထုတ်ပြီးရောင်းချရန် ယနေ့ ကြေညာလိုက်ခြင်းဖြစ်သည်။

“ငွေဈေးကွက်အတွင်း အပြောင်းအလဲ သိပ်မရှိဘူးလို့တော့ ယူဆတယ်။ နောက်တခုက လူတွေလက်ထဲကငွေကို အစိုးရလက်ထဲ ပြန်ရောက်အောင် လုပ်တယ်ဆိုတာ ငွေဖောင်းပွမှုနှုန်း လျော့အောင် လုပ်တာလည်း ဖြစ်တယ်” ဟု ဦးခင်မောင်ညိုက သုံးသပ်သည်။

ငွေတိုက်စာချုပ်ကြောင့် မြန်မာ့ငွေကြေးဈေးကွက်အတွင်း ထူးခြားသည့် အပြောင်းအလဲ ဖြစ်ပေါ်မလာနိုင်ကြောင်း မြန်မာ့ စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းက သုံးသပ်သည်။

“ငွေချေးစာချုပ်ကတော့ ဘဏ်တွေက Risk (စွန့်စားရ) နည်းတော့ သီးသန့်ငွေကြေးဆိုပြီး ၀ယ်ထားတာမျိုးရှိတယ်။ ပြည်သူ လူထုအတွင်းမှာတော့ သိပ်ပြောသံ ဆိုသံ မကြားရပါဘူး။ ထူးထူးခြားခြား အပြောင်းအလဲ မရှိနိုင်ဘူးလို့တော့ သုံးသပ်ပါတယ်” ဟု ဦးခင်မောင်ညိုက ပြောသည်။

စစ်အစိုးရက ယခင် (၃) နှစ်နှင့် (၅) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များအပြင် လာမည့်နှစ်သစ် ၂၀၁၀ တွင် (၂) နှစ် သက်တမ်းရှိ ငွေတိုက်စာချုပ်များ ထပ်တိုးရောင်းချမည်ဆိုသော်လည်း အတိုးနှုန်း နည်းပါးသည့်အတွက် ပြည်သူလူထုက စိတ်ဝင်စားမှုမရှိကြကြောင်း သိရသည်။

source by : ခေတ်ပြိုင်

0 comments: