ပရင့်၊ပီဒီအက်

Monday, December 28, 2009

ထိုင်းနိုင်ငံတွင် မြန်မာအပါအ၀င် တောင်းစားသူများကို အရေးယူမည်

ရဲရင့် | ထိုင်းနိုင်ငံ အတွင်း လိုက်လံ တောင်းစား နေသူများနှင့် ဂိုဏ်း အဖွဲ့များကို ထိုင်းအစိုးရက ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော့မည့် ဥပဒေ ပြဋ္ဌာန်း လိုက်သောကြောင့် ထိုင်းနိုင်ငံအတွင်း တောင်းစား နေသည့် မြန်မာ များပါ အရေးယူ ခံရတော့မည်ဖြစ်သည်။

ယခုလ (၂၃) ရက်တွင် ပြုလုပ်သည့် ထိုင်းအစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းတနိုင်ငံလုံးရှိ တောင်းစား သူများကို လိုက်လံဖမ်းဆီးကာ ရိုးရိုးသားသား တောင်းစား သူများကို ပြန်လည် ပြုစု ပျိုးထောင်ရေး ဌာနများသို့ ပို့ဆောင်မည် ဖြစ်ပြီး တောင်းစားရန် စေခိုင်းသည့် ဂိုဏ်းအဖွဲ့များကို ထောင်ဒဏ် (၇) နှစ်နှင့် ဒဏ်ငွေ ဘတ် (၆) သောင်း ပြစ်ဒဏ် ချမှတ်မည် ဖြစ်သည်။

ဘန်ကောက်အပါအ၀င် မဲဆောက်၊ ရနောင်း၊ မယ်ဆိုင် စသည့်ဒေသများတွင် လိုက်လံတောင်းစားသူ မြန်မာကလေးငယ် (၄,၀၀၀) ခန့်ရှိသည်ဟု မြန်မာကလေးငယ်များကို သုတေသနပြုနေသည့် အဖွဲ့တဖွဲ့၏စစ်တမ်းကို ကိုးကားပြီး ဝေါဗွီရှင်း အဖွဲ့ ၀န်ထမ်းတဦးက ပြောသည်။

မဲဆောက်မြို့တွင် တောင်းစားသူ မြန်မာနိုင်ငံသားများ ကလေးလူကြီး (၁၀၀) ခန့်ရှိပြီး ထက်ဝက်ခန့်မှာ မြ၀တီမှတဆင့် ဆွေမျိုးသားချင်းများနှင့် လာရောက်သူများဖြစ်ပြီး ကျန်တ၀က်ခန့်မှာ ဂိုဏ်းများ၏ စေခိုင်းခြင်းခံရသူများ ဖြစ်သည်။

အသက် (၇၅) နှစ်ခန့်ရှိ မျက်မမြင်ဖခင်ဖြစ်သူအား မဲဆောက်ဈေးတွင် တောင်းရမ်းရန် လာပို့သည့်သမီးဖြစ်သူက “ကျမတို့က တကယ်ဒုက္ခရောက်လို့ပါ။ ရတာတွေကို အဖေ့အတွက်ပဲ သုံးတာပါ။ ရန်ကုန်အထိ ခေါ်ပြီးပါပြီ။ ဘိုးဘွားရိပ်သာဆိုတာက သူ့အဆက်နဲ့သူခေါ်တာပါ။ တကယ်ဆင်းရဲ နွမ်းပါးတဲ့လူဆိုရင် လက်မခံပါဘူး၊ ကျမ ကိုယ်တွေ့ပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံအတွင်း တောင်းစားသူ ကလေးငယ်တဦးက “ကျနော့်အမေက သထုံကနေ အလုပ်လုပ်ဖို့ မဲဆောက်ကို ပို့လိုက်တာပါ။ အမေက အလုပ်ရှင်ဆီက ဘတ်ငွေ (၈) ထောင် ယူထားတယ်။ အလုပ် (၆) လ လုပ်ပေးရမယ်ဆိုပြီး ဈေးထဲမှာ တနေ့ ဘတ် (၁၀၀) ရအောင် လိုက်တောင်းရတယ်၊ မရရင်အိမ်မပြန်ရဘူး၊ ထမင်းလည်းမကျွေးဘူး၊ အရိုက်ခံရတာလည်းရှိတယ်၊ အကြွေးကျေရင် ကျနော့်ကို ဘန်ကောက်ပို့မယ်လို့ပြောတယ်။ အခု (၆) လပြည့်တော့မယ်” ဟု ပြောသည်။

မဲဆောက်မြို့တွင် တာဝန်ကျသည့် မြူနီစပါယ် ရဲဝန်ထမ်းတဦက “သူတောင်းစား (ခေါထံ) တွေကို အရင်က စီမံချက်နဲ့ဖမ်းပြီး ပြန်ပို့တာတွေရှိတယ်၊ အလုပ်မဖြစ်ဘူး ပြန်လာကြတာပဲ။ အရေပြားရောဂါသည်တွေ ပါတော့ ရပ်ကွက်က ရုံးကိုတိုင်တာတွေ ရှိတယ်။ အခုအစိုးရက တရားဝင်ဥပဒေထုတ်ပြီး ဖမ်းဖို့ရှိတော့ ဒီနေ့ဆို ဈေးထဲမှာ အတော်နည်းသွားပြီး သူတောင်းစားတွေက သတင်းကို ကိုယ့်ထက်တောင် အရင်သိတယ်” ဟု ပြောသည်။

ယခင်ကကဲ့သို့ ဖမ်းဆီးရမိသည့် သူတောင်းစား ကလေးငယ်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့တော့မည်မဟုတ်ဘဲ ကလေးသူငယ် များဆိုင်ရာ ပြုစုပျိုးထောင်ရေးဌာနများသို့ ပို့ဆောင်သွားမည့် အစီအစဉ်များလည်း ချမှတ်ထားသည်ဟု သိရသည်။

source by : ခေတ်ပြိုင်

0 comments: