ပရင့်၊ပီဒီအက်

Thursday, December 17, 2009

ပါတီတွင်း ပြုပြင်ပြောင်းလဲမှုလုပ်ရန် အန်အယ်ဒီ ခေါင်းဆောင်ကြီးများ သဘောတူ


ဖနိဒါ | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပြုပြင် ပြောင်းလဲရန် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါတီ ဗဟို အလုပ်အမှုဆောင် သက်ကြီး ခေါင်းဆောင်များအကြား ယနေ့ သဘောတူလိုက်ကြသည်။

ဥက္ကဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စစ်အစိုးရ အစီအစဉ်ဖြင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ၁ နာရီကြာ တွေ့ဆုံစဉ် စစ်အစိုးရ၏ စိန်ခေါ်မှုကို ခံနေရသော ပါတီတွင်း ပြုပြင်ပြောင်းလဲမှုလုပ်ရန်လိုအပ်နေသည်ကို သဘောတူညီမှု ရခဲ့ကြသည်။

“ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာလည်း ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေတယ်ဆိုတာ တွေ ဆွေးနွေးတယ်။ အသေးစိတ်ဆွေးနွေးချက်တွေတော့ မသိသေးဘူး” ဟု ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။



ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး လုပ်ဆောင်ချက်များအား ဆက်လက် ထောက်ခံသွားမည်ဟု ဦးလွန်းတင်က ပြောကြားသွားသည်ဟုလည်း သူက ကိုးကားပြောသည်။

ပါတီခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဘက်စလုံးက ယနေ့ တွေ့ဆုံမှုအပေါ် ဝမ်းသာ အားရကျေနပ်ခဲ့ကြဟန်ရှိသည်ဟု ပါတီသတင်းရပ်ကွက်များက ပြောသည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တွေ့ဆုံခွင့် ရခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် မတွေ့ ဆုံကြမီ CEC အဖွဲ့ဝင် တချို့နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံခဲ့သေးသည်။
အန်အယ်ဒီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ထားပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင်အများအပြား ထောင်ချခံရကာ ရုံးများလည်ပတ်မှုကို ကန့်သတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးရန် အန်အယ်ဒီက လက်ရှိတောင်းဆိုထားချိန်တွင် စစ်အစိုးရက လာမည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ကတိပေးထားသည်။


source by :မဇ္ဈိမ

0 comments: