ပရင့်၊ပီဒီအက်

Friday, December 11, 2009

တရုတ် စစ်ဗိုလ်ချုပ် မြန်မာပြည်ရောက် နယ်စပ် ဒေသ ကိစ္စဆွေးနွေးဟု ယူဆရ

ရန်ပိုင် | တရုတ်နိုင်ငံ ချန်ဒူး စစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင် (Ai Husheng) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာ၍ ပြီးခဲ့သည့် အင်္ဂါနေ့က နေပြည်တော်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေဆုံခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းကိုယ်စားလှယ် အဖွဲ့သည် ကျိုင်းတုံမြို့နှင့် လားရှိုးမြို့များသို့ သွားရောက်ကာ တြိဂံ ဒေသစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့်လည်း တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။ ထို တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိ ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချန်ဒူး စစ်ဒေသသည် ယူနန်ပြည်နယ်အတွင်းရှိ လင်ချန် စစ်ဒေသနှင့် ကွေ့ကျိုး စစ်ဒေသ တို့ပါ ထည့်သွင်း ထားပြီး အကြီး ဆုံး အနောက်တောင် စစ်ဒေသကြီးဖြစ်သည်ဟု တရုတ်မြန်မာနယ်စပ်ဒေသရှိ စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက ဧရာဝတီသို့ပြောသည်။

ယင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီးအိုက်ဟူယောင် မြန်မာ နိုင်ငံသို့ သွားရောက်သည့် အချိန်သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA) နှင့် စစ်အစိုးရတို့ နှစ်ဘက် တင်းမာမှုများရှိနေသည့်အချိန်နှင့် တိုက်ဆိုင် နေသည်ဟုလည်း စောင့် ကြည့်လေလာသူများက ဆိုကြသည်။

မကြာသေးမီက UWSA အဖွဲ့က တရုတ်ပြည်နယ်စပ် ပန်ဆန်းနှင့် ထိုင်းနယ်စပ် ၀မ်ဟုန် ဒေသတွင် စစ်တိုင်း၂တိုင်းဖွဲ့ ရန် ၊စစ်အစိုးရ ဘက်မှ ဒုတိုင်းမှူး တဦးသာ နယ်ခြားစောင့် တပ်တွင် ပါဝင်ရန် တို့ကို တောင်းဆိုကြောင်း၊ ယင်း ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ တခုအဖြစ် သတ်မှတ်ပေးပြီး မိုင်းပေါက် မြို့နယ်ကိုလည်း ထည့်သွင်းပေးရန် အတွက် တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် စစ်အစိုးရ ပယ်ချခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနယ်စပ်ရှိ တောင်ပိုင်း ၀ပြည်နယ် လွယ်လန်း ဒေသ၌ ၁၉၈၂ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)မှ စတင်ပြီး အခြေခံ စခန်းများကို တည်ဆောက် ခဲ့ကြောင်း၊ ၁၉၈၉ခုနှစ် ဗကပ ပြိုကွဲပြီးနောက်ပိုင်း အဆိုပါ ဒေသတွင် ဘိန်းဘုရင် ဦးခွန်ဆာ ဦးဆောင်သည့် မောင်ထိုင်း တပ်မတော်(MTA) အဖွဲ့၏ အခြေခံ စခန်းများ ဖြစ်လာခဲ့ပြီး စစ်အစိုးရက MTA များကို တိုက်ခိုက်ရန် အတွက် ရှမ်းပြည် မြောက်ပိုင်းရှိ ၀တပ်ဖွဲ့များကို အလုံးအရင်းဖြင့် ၀င်ရောက် နေရာ ယူစေခဲ့ကြောင်း ၊ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် လည်း ၀ လူမျိုးများစွာ သေကျေခဲ့ကြကြောင်း ဦးအောင်ကျော်ဇောက ရှင်းပြသည်။

ဝ တိုင်းရင်းသားများ အပါအ၀င် တိုင်းရင်းသား အားလုံး လိုလားသည်မှာ စစ်မှန်သည့် ပြည်ထောင်စု ဖွဲ့စည်ရေးသာ ဖြစ်ကြောင်း၊ ထိုသို့သော လိုလားချက်များနှင့်အညီ ပြည်ထောင်စု တရပ်ဖွဲ့စည်းနိုင်ခဲ့လျှင် ယခုကဲ့သို့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေး ဆိုသည့် ပြဿနာများမှာ ပေါ်ပေါက်လာမည် မဟုတ်ကြောင်း၊ အခြေခံ အားဖြင့် တဦးနှင့်တဦး ယုံကြည်မှု လိုအပ်ကြောင်း၊ ယခုကဲ့သို့သော ပြဿနာများသည် လက်ရှိ ရေးဆွဲထားသည့် အခြေခံ ဥပဒေနှင့် စစ်အစိုးရ အပေါ်ယုံကြည်မှု ကင်းမဲ့နေသည့်အတွက်သာ ဖြစ် ကြောင်း ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း သုံးသပ်သည်။

စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေးနှင့် ပတ်သက်ပြီး ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် သတ်မှတ် ထားပြီး ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့တွင် ရာထူး အပ်နှင်းသည့် အခမ်းအနားများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

တရုတ် နိုင်ငံ ဒုတိယ သမ္မတ ဇီကျန်ပင်း(Xi Jinping) သည်လည်း လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၂၂ ရက်နေ့ အတွင်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက် အရ မြန်မာနိုင်ငံသို့ လာရောက်မည်ဟု တရုတ် နိုင်ငံခြားရေး ဌာနမှ ထုတ်ပြန်သည့် သတင်းများ အရ သိရသည်။

source by : ဧရာဝတီ

0 comments: