ပရင့်၊ပီဒီအက်

Friday, December 18, 2009

မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုတွင် မိသားစုက လျော်ကြေး သိန်း ၁ထောင်ရ

မိုးမခ အထောက်တော် | နိုဝင်ဘာလတွင် မီဒီယာများတွင် ရေးသား ဖေါ်ပြခဲ့ကြသည့် ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် သေဆုံးခဲ့ရသည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စရပ်အတွက် S S C ခေါ် ရွှေဂုံတိုင် အထူးကု ဆေးခန်းမှ သေဆုံးသူ မိသားစုသို့ ကျပ်သိန်း၁ထောင် လျော်ကြေး ပေးအပ်ခဲ့ပြီး ထိုကိစ္စနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများ ဂျာနယ်များက ရေးသားသော်လည်း ထပ်မံ ဖေါ်ပြခြင်း မပြုတော့ရန်ကို စာပေစိစစ်ရေးက ဂျာနယ် များကို တားဆီးထားသည်ဟု သိရသည်။

အောက်တိုဘာ လကုန်က ခွဲစိတ်ကု ဆရာဝန် ဒေါက်တာကြည်စိုး၏ ကုသမှုကြောင့် မသေဆုံးသင့်ပဲ သေဆုံးခဲ့ရသည့် အသက် ၁၅ နှစ် အရွယ် မခိုင်ရွှန်းလဲ့ရည် ကိစ္စ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖေါ်ပြပါရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဆေးကောင်စီမှ စုံစမ်း စစ်ဆေးပြီး တပတ်ကျော် အကြာတွင် ခွဲစိတ်ကု ဆရာဝန်ကို ဆေးကုခွင့်လိုင်စင် ၅နှစ်ရပ်ဆိုင်းခဲ့ပြီး S S C ဆေးခန်းကို ပြင်းထန်စွာ သတိပေးကာ လူနာရှင် မိသားစုကိုလည်း တောင်းပန်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် အထူးကု ဆေးခန်းဘက်မှ လူနာရှင်မိသားစုသို့ ယခုကဲ့သို့ နစ်နာကြေး သိန်း၁ထောင် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လူနာရှင် မိသားစုမှ သတင်းများ ဖေါ်ပြပေးခဲ့သည့် ပြည်တွင်းဂျာနယ်များကို ကျေးဇူးတင်သည့် အနေဖြင့် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ကို မီးစက် (ဂျင်နရေတာ) လှူဒါန်းလိုသည်ဟု ကမ်းလှမ်းခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးဌါနက ချုပ်ကိုင်ထားသည့် စာနယ်ဇင်း အဖွဲ့က လက်မခံခဲ့ကြောင်း ပြည်တွင်းဂျာနယ်မှ အယ်ဒီတာတဦးက ပြောဆိုသည်။

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် တစောင်ဖြစ်သည့် လျှပ်တပြက်ဂျာနယ်တွင် ဆရာဝန်နှင့် ဆေးခန်း၏ပေါ့လျော့မှုကြောင့် လူနာ သေဆုံးရမှု ကိစ္စကို ပထမဆုံး ဖေါ်ပြခွင့်ပေးခြင်းသည် အလွန်ရှားပါးသည့် အဖြစ်အပျက်တရပ်အဖြစ် ရှုမြင်ကြပြီး နောက်နောင် အလားတူ ကိစ္စရပ်များ ဖေါ်ပြခွင့် ရမရကိုမူ ရှင်းလင်းစွာမသိရှိနိုင်ဟု ပြည်တွင်း သတင်း အယ်ဒီတာ တဦးကပြောသည်။

ယခုလို ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းနှင့် ကုသသူ အကြားဖြစ်ပွားသည့် ကိစ္စရပ်များကို ဖေါ်ပြခွင့်ပေးသင့်သည်ဟု ပြည်တွင်း ဂျာနယ်လစ်များက ပြောဆိုသည်။

“နအဖ အစိုးရ အနေနဲ့ စစ်အစိုးရကို ဝေဘန်တာလည်း မဟုတ် ၊ အစိုးရ ဌာနကို ဝေဘန်တာလည်း မဟုတ် ပုဂ္ဂလိက ကဏ္ဍမှာ ရှိတဲ့ မမျှတတဲ့ ကိစ္စရပ်မျိုး၊ စားသုံးသူ အခွင့်အရေးလို ကိစ္စရပ်မျိုးကို ရေးသားခွင့် ပေးသင့်တယ်လို့ ထင်တယ်”ဟု ပြောဆိုသည်။

ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်မှ ဌာနခွဲ တခုဖြစ်သည့် စာပေ စိစစ်ရေး ဌာနသည် အစိုးရ၏ ပေါ်လစီ၊ ၀န်ကြီးဌါနများကို ထိပါးသည့် သတင်းများကို ဖေါ်ပြခြင်း မပြုရန် အစဉ်အမြဲ စိစစ်ဖြတ်တောက် နေသကဲ့သို့ စစ်အစိုးရနှင့် နီးစပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများ၏ အကျိုး စီးပွားကိုလည်း သတင်းများ ဖြတ်တောက်ခြင်းဖြင့် ကာကွယ်ပေးလျက်ရှိသည်ကို တွေ့ရသည်။

(ဓာတ်ပုံ - အက်စ်အက်စ်စီနှင့် မခိုင်ရွှန်းလဲ့ရည် အကြောင်း ရေးသား ဖေါ်ပြခဲ့ကြသည့် ဂျာနယ်များ။ ဂျာနယ် ရောင်းသူ တဦးက ယခုလို ရေးခွင့် အနည်းငယ် ရသည့် ကာလတွင် ဂျာနယ် အရောင်း တက်ခဲ့သည်ဟု ပြောဆိုပြီး ဂျာနယ် ဈေးကွက် ပိုအသက်ဝင် လာအောင် ယခုထက် ပိုလွတ်လွတ်လပ်လပ် ရေးခွင့် ပြုသင့် သည်ဟု သူ့လက်တွေ့ ဘ၀ကိုနှင့် ယှဉ်ပြီး ဝေဘန် ပြောဆိုသည်။ ယခု ရေးခွင့် ရသည်မှာ တမတ် (၄ပုံ တပုံ) မျှပင် မရှိသေးဟုလည်း လမ်းဘေးတွင် ဂျာနယ် ရောင်းသူက မှတ်ချက်ပေးခဲ့သည်။)

source by : မိုးမခ

0 comments: