ပရင့်၊ပီဒီအက်

Friday, September 18, 2009

နိုင်ငံခြား ဆန်တင်ပို့မှု ရာထားချက်တိုး၊ ဆန်ဈေးတက်

ရန်ပိုင် | ယခုနှစ် မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ဆန်တင်ပို့မှုကို ပြီးခဲ့သည့် နှစ်ထက် တိုးမြှင့်ပြီး ပို့ရန်စီစဉ် နေသောကြောင့် ရန်ကုန်မြို့ တွင် ဆန်ဈေးများ တက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်က ဆန်တန်ချိန် ၆ သိန်းကျော် တင်ပို့ ခဲ့သော်လည်း ယခုနှစ်တွင် ဆန်တန်ချိန် ၁ သန်းကျော် တင်ပို့နိုင်ရန် စစ် အစိုးရမှ စီစဉ်နေပြီး၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်(UMEHL) တခုတည်းကိုပင် ဆန်တန်ချိန် ၆သိန်းခွဲ သတ်မှတ် ထားကြောင်း၊ ထို့အတွက်ကြောင့် ဆန်ဈေးများ တက်သွားခြင်း ဖြစ်နိုင်ကြောင်း ဆန်ကုန်သည်ကြီးများ အသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

“အိတ်စ်ပို့ဆန် ဈေးတက်သွားတယ်၊ မနေ့ကစပြီး တအိတ်ကို ကျပ် ၃၀၀ လောက်တက်သွားတယ်” ဟု ဘုရင့်နောင် ပွဲရုံ တန်းမှ ဆန်လုပ်ငန်းရှင် တဦး ကပြောသည်။

အဆိုပါ နိုင်ငံခြားသို့ တင်ပို့နေသော အိတ်စ်ပို့ ဆန်အမျိုးအစားသည် မြန်မာနိုင်ငံရှိ လူများစု စားသုံးနေသော ဧည့်မထ နှင့် ငစိန်ဆန် အမျိုးအစား ဖြစ်ကြောင်း၊ ပြီးခဲသည့် ရက်ပိုင်းက တတင်းခွဲ တအိတ်လျှင် ၁၃၇၀၀ ကျပ်ဈေးမှ ယနေ့ ၁၄၀၀၀ ကျပ် အထိဈေးနှုန်း မြင့်တက်သွားကြောင်းသိရသည်။

ယခုနှစ် အတွက် ဦးပိုင် လီမိတက် တခုတည်းကိုပင် တန်ချိန် ၆သိန်း ခွဲရာထားကြောင်း ၊ အခြားသော ကုန်သည် ကြီးများ မှလည်း ဆန်တင်ပို့မှုကို တိုးမြှင့်လျှင် ဆန်တန်ချိန် ၁ သန်း ကျော် ဖြစ်သွားနိုင်ကြောင်း ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ခန့်မှန်း ပြောဆိုကြသည်။

“မနှစ်က နိုင်ငံခြားကို ပို့တာ ဦးပိုင် တခုတည်း တန်ချိန်၂ သိန်းခွဲ လောက်ပဲ ရှိတယ်၊ အခုဦးပိုင်ကို တန်ချိန် ၆သိန်းခွဲ ချပေး ထားတယ်၊ ဒါတောင် ဧရာ ရွှေဝါတို့၊ ဧရာ ဟင်္သာတို့ မပါသေးဘူး”ဟု ဘုရင့်နောင် ပွဲရုံ ဆန်လုပ်ငန်းရှင် က ဆိုသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (UMEHL ) က နိုင်ငံခြား တိုင်းပြည်များသို့ ဆန်တင်ပို့မှု ပိုမို ပြုလုပ်နိုင်ရန် အတွက် မြန်မာနိုင်ငံ၌ အကြီးဆုံး ဆန်စက်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိ တန်၃၆၀ကျ ဆန်စက်ကို ကျပ်၆၅၅သန်း ဖြင့် ယခုနှစ် ဇန်န၀ါရီလ တွင် ၀ယ်ယူခဲ့သည်။

ယခုအခါ မိုးစပါး စတင် ထွက်ရှိနေပြီ ဖြစ်ပြီး၊ ဆန်အစို ဓာတ်မှာ ကျန်ရှိနေသေးကြောင်း၊ ဘုရင့်နောင် ဆန်ဈေးကွက်သို့ စက် တင်ဘာ ၁၇ရက်မှ စတင်ပြီး အိတ်ရေ ၂၅၀ ၀င်ရောက်လာကြောင်း၊ UMEHL တွင် လက်ကျန် ဆန်တန်ချိန်များစွာ ရှိ နေပြီး ဈေးနှုန်းမကိုက်၍ လှောင်ထားရာမှ ပျက်စီးနေပြီ ဖြစ်ကြောင်း ၊ အဆိုပါ ပျက်စီးနေသော ဆန်များကို စစ်တပ်ရိက္ခာ နှင့် အကျဉ်းဦးစီး ဌာနသို့ ရောင်းချကြောင်း ဆန်ကုန်သည်အသိုင်းအ၀ိုင်းမှသိရသည်။

“အိတ်စ်ပို့ သွားမရ၊ လက်လီ လက်ကား ရောင်းမရတာတွေ ကတော့ တပ်ရိက္ခာ နဲ့ ထောင်ပဲ ရောင်းတာပေါ့”ဟု ဆန် ကုန်သည်ကြီးများ အသင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

ထိုသို့ အိတ်စ်ပို့ ဈေးကွက်ကြောင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်မှ ဆန်များ ရန်ကုန်ဈေးကွက်သို့ ၀င်ရောက် နေကြောင်း သိရသည်။

“တရုတ်ဘက်ကို မသွားဘူး ၊ ရခိုင်ဆန်တို့ အညာဆန်တောင် ရန်ကုန်ဆင်းလာတယ်” ဟု အဆိုပါ ဆန်ကုန် သည်က ပြောသည်။

ယင်း ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဆန်ကုန်သည်ကြီးများ အသင်းသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ထို့အပြင် စစ်ဗိုလ်ချုပ်ကြီးများ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ၀င်မည်ဟုသော အတည် မပြုနိုင်သော သတင်း များကြောင့် ရန်ကုန်မြို့ရှိ ပြည်သူများ ဆန် နှင့် အခြား လူသုံးကုန်ပစ္စည်းများ ၀ယ်ယူ စုဆောင်း နေသောကြောင့် ကုန်ဈေးနှုန်းများ တက် သွားကြောင်း ရန်ကုန် မြို့ခံများကလည်း ပြောဆို နေကြပြီး ၊ ရှမ်းပြည်နယ်ရှိ ကိုးကန့် ဒေသတွင်လည်း စားနပ် ရိက္ခာ ပြတ်လပ် နေသည်ဟု သိရသည်။

မြန်မာဆန်များကို နိုင်ငံခြားတင်ပို့ရာတွင် စစ်အစိုးရ၏ စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက် (UMEHL ) နှင့် ဗိုလ်ချုပ်ကြီး ရွှေမန်းသားပိုင် ဧရာ ရွှေဝါ ကုမ္ပဏီ၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသား တေဇာစောဦး ၏ ဧရာ ဟင်္သာ ကုမ္ပဏီ၊ ဦးဇော်ဝင်းရှိန် နှင့် ဦးတေဇပိုင် ထူး ကုမ္ပဏီတို့ ပေါင်းထားသည့် Ayeyar Delta ကုမ္ပဏီတို့က လက်ဝါးကြီး အုပ်ထားကြောင်း နီးစပ် သူများက ပြောသည်။

မကြာသေးမီကလည်း ထိုင်းနိုင်ငံမှ ဆန်စက် အသင်း ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌတို့ မြန်မာ့ လယ်ယာ ကဏ္ဍ တိုးတက်ရန် ၊ ခေတ်မီ ဆန်စက်များ တည်ထောင်ရန် နှင့် မြန်မာ-ထိုင်း- ဗီယက်နမ် တို့ပူးတွဲပြီး အာရှ ဆန်ဈေးကွက်ကို ဦးဆောင်ရန် ဆွေးနွေးခဲ့ကြသည့်ဟုသိရသည်။

မြန်မာ ဆန်များကို ယခု အခါ အာဖရိက နိုင်ငံများမှ အများဆုံး ၀ယ်ယူနေပြီး၊ ဟန်ဂေရီ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှလည်း ၀ယ်ယူ နေသည်။

source by : ဧရာဝတီ

0 comments: