ပရင့်၊ပီဒီအက်

Monday, September 21, 2009

ပြည်တွင်းသတင်းဂျာနယ်များ မှုခင်းသတင်းဖော်ပြခွင့်မရ


မျိုးချစ်သူ / ရန်ကုန်တိုင်းရဲတပ်ဖွဲ့က မှုခင်းသတင်းများအား ပြည်တွင်းသတင်းဂျာနယ်များကို လုံးဝထုတ်ပြန်ပေးခြင်း မရှိတော့ကြောင်း ရန်ကုန်ရှိ စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သိရသည်။

ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲလုပ်ပြီးနောက်ပိုင်း ယင်းသို့ သတင်းများထုတ်ပြန်မပေးတော့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ်များမှ စုံစမ်းသိရှိရသည်။

ဂျာနယ်တခုမှ သတင်းအယ်ဒီတာတဦးက “ရဲမှူးကြီးဝင်းနိုင် ပြဿနာတက်ပြီးတော့ ကျန်တဲ့ရဲအရာရှိတွေလည်း လန့်နေကြတယ် ကြားတယ်ဗျ။ ဘာကိုလန့်တာလည်းဆိုတာတော့ သူတို့ပဲသိမယ်။ တခုခုဖြစ်ခဲ့ရင် ရာထူးချခံရမှာ၊ အရေးယူခံရမှာကို ကြောက်နေတဲ့ပုံစံပဲ။ ဒါကြောင့် သူတို့က ဘာမှုခင်းသတင်းမျိုးမှ မပေးတော့တာလို့ သိရတယ်” ဟု ပြောသည်။

မှုခင်းသတင်းများကို ပြည်တွင်းသတင်းဂျာနယ်များတွင် ရေးသားဖော်ပြနိုင်ရန်အတွက်


ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရန်ကုန်တိုင်းအနေဖြင့် ရဲမှူးကြီးဝင်းနိုင်ကို တာဝန်ပေးခဲ့ပြီးနောက်ပိုင်း ၎င်းကတဆင့် သတင်းပေးတဦးထားရှိကာ ရန်ကုန်တိုင်း အတွင်းဖြစ်ပွားသော မှုခင်းသတင်းများကို အပတ်စဉ်သတင်းဂျာနယ်များအား ရေးသားခွင့်ပေးခဲ့ကြောင်း သိရသည်။

“ရန်ကုန်မှုခင်းသတင်းတွေကို သူတို့ခေါ်ပေးတာ ရှိတယ်။ ဂျာနယ်တွေကလည်း သွားမေးကြတယ်။ ဒီမှာက သတင်းထောက်တွေက ခေါ်ပေးသတင်းလေးကိုပဲ ရေးနေကြရတာလေ။ ခုဆိုရင် ခေါ်ပေးသတင်းတောင် မရှိတော့ဘူး။ ဘာမှ မပေးတော့ဘူးဆိုတော့ တချို့မှုခင်းသတင်း သီးသန့်ရေးသူတွေ စိတ်ပျက်စရာပေါ့။ အပြင်က ကြားတာ၊ မြင်တာတွေ ရေးတာကျတော့လည်း ရဲက မကြိုက်ဘူးဗျ။ ပြဿနာ အတက်မခံချင်ကြတော့လည်း သတင်းထောက်တွေက ဘာသတင်းမှ မရေးရဲကြဘူး” ဟု သတင်းထောက်တဦးက ပြောသည်။

ယခုစက်တင်ဘာလမှစ၍ ပြည်တွင်းသတင်းဂျာနယ်များအား မှုခင်းသတင်းထုတ်ပြန်ခြင်းကို ရပ်နားမည်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် ယင်းသို့မထုတ်ပြန်သည်ကိုမူ မပြောတတ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

ရန်ကုန်တိုင်းရဲမှူးကြီး ဝင်းနိုင်သည် မြို့နယ်ရဲမှူးတို့၏ ဇနီးများမှတဆင့် လာဘ်ငွေယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင်ဒဏ် (၃) နှစ် ကျခံသွားရခြင်းဖြစ်သည်။


source by :NEJ

0 comments: