မျိုးချစ်သူ | စစ်အစိုးရက ယနေ့ နေ့လယ်၌ စတင် လွှတ်ပေး လိုက်သည့် လွတ်ငြိမ်း ချမ်းသာခွင့်တွင် နိုင်ငံရေး အမှုတို့ဖြင့် အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသား (၂၅၀) ကို ပြန်လည် လွှတ်ပေး လိုက်ကြောင်း ရန်ကုန်တိုင်း အကျဉ်း ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည်တွင်း ပြည်ပ သတင်းထောက် များကို ပြောကြားသည်။
၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့ အာဏာရယူခဲ့သော စစ်အစိုးရ၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ယင်းသို့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း ဖြစ်ကြောင်း ၎င်းက ယနေ့ကျင်းပသော အကျဉ်းသားများအား ပြန်လွှတ် ပေးလိုက်သော အခမ်းအနားတွင် ပြောကြားသည်။
“တနိုင်ငံလုံး အနေနဲ့ ၅ (ည)၊ ၁၇၊ ၁၃၊ ၂၀ စသည့်အမှုတို့ဖြင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ဒီနေ့ကစပြီးတော့ လွှတ်ပေး နေမှာပါ။ မနေ့က ထုတ်ပြန်တဲ့ အမိန့်အတိုင်းပါပဲ။ လွှတ်ပေးမယ့်လူဦးရေ (၇,၁၁၄) ဦး ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ပြန်လည် လွတ်မြောက် လာသူများတွင် သင်္ကန်းကျွန်းမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ ပုဇွန်တောင်မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ မုံရွာအန်အယ်လ်ဒီမှ ဦးအောင်ရှင် စသည့်ပုဂ္ဂိုလ်များ ပါဝင်ကြသည်။
ပြန်လည် လွတ်မြောက် လာသည့် သင်္ကန်းကျွန်း မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဥက္ကဋ္ဌ ဦးတင်မြက “ကျနော် တို့တွေက နိုင်ငံရေးကို ဆက်လုပ်သွားမှာပဲ။ ကျနော်တို့ကို ဖမ်းတဲ့ ကိစ္စဟာ ဘာမှဟုတ်တိပတ်တိ အမှုမဟုတ်ဘူး။ လက်ဆုပ် လက်ကိုင် မပြနိုင်ဘဲ ဖမ်းတဲ့ အတွက် မကျေနပ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယနေ့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသည့် အကြိမ်မှာ ဒဿမ အကြိမ်ဖြစ်ပြီး ယနေ့ထိ လွှတ်ပေးသော အကျဉ်းသားပေါင်း (၁) သိန်း ကျော် ရှိပြီ ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောသည်။
source by : ခေတ်ပြိုင်

0 comments:
Post a Comment