ပရင့်၊ပီဒီအက်

Friday, September 18, 2009

ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ဖို့ မြန်မာ စစ်အစိုးရကို ဘန်ကီမွန်း တိုက်တွန်း

ဗီအိုအေ | မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား တွေထဲက ထောင်ဂဏန်းနဲ့ချီပြီး ပြန်လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်ပေမယ့်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့လိုတယ်လို့လည်း ထပ်ပြီး သတိပေးလိုက်ပါတယ်။ အစိုးရက ထောင်ဂဏန်းချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေး နေပေမယ့်လည်း ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်နေတာမို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဒါဟာ မလုံလောက်ဘူးလို့ ဆိုနေကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာစစ် အစိုးရက အကျဉ်းသား ၇,၀၀၀ ကျော် လွှတ်ပေးမယ်လို့ ကြေညာလိုက်ပြီး နောက်တနေ့ မနေ့က မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေက အကျဉ်းသားတွေကို လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်လာတာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကြိုဆိုလိုက်တာပါ။ ဒါပေမယ့်လို့ စစ်အစိုးရအာဏာပိုင်တွေအပေါ် သူ အစောပိုင်းက တိုက်တွန်းထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့လိုတယ် လို့လည်း ထပ်ပြီး သတိပေးခဲ့တဲ့အကြောင်း နယူးယောက်ခ် ကုလသမဂ္ဂ ရုံးချုပ်မှာ မနေ့တုန်းက ပြုလုပ်ခဲ့တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့် ရသူ မီရှဲလ် မွန်းတပ်စ် (Michele Montas) က ပြောဆိုလိုက်တာပါ။

"မနေ့က ကြာသပတေးနေ့မှာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ ကြေညာခဲ့တဲ့ တစိတ်တပိုင်း အဖြစ်နဲ့ နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက်လာတဲ့ အတွက် အတွင်းရေးမှူးချုပ်က ကြိုဆိုပါတယ်။ မြန်မာ နိုင်ငံကို သွားခဲ့တဲ့ ဇူလိုင်လနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အပါအ၀င် မြန်မာစစ် အစိုးရအနေနဲ့ ယုံကြည် ကိုးစားလောက်တဲ့ ခြေလှမ်းတွေကို လှမ်းပြီး တုန့်ပြန်သွားဖို့ အတွက်ကိုလည်း မြန်မာ အာဏာပိုင် တွေကို အတွင်းရေးမှူးချုပ်က တောင်းဆိုထားတာပါ။"

စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာတဲ့ နိုင်ငံသား အကျဉ်းသား အကျဉ်းသူပေါင်း ၇,၁၁၄ ယောက်ကို တိုင်းပြည် အကျိုးပြုဖို့ ရည်ရွယ်တဲ့ အနေနဲ့ရော၊ အကျဉ်းကျ နေသူတွေရဲ့ မိသားစုတွေကို ထောက်ထား ငဲ့ညှာတဲ့ အနေနဲ့ရော လူသားချင်း စာနာထောက်ထားပြီး ကျန်နေတဲ့ ပြစ်ဒဏ် တွေကနေ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း မြန်မာစစ်အစိုးရက ကြာသပတေးနေ့က ကြေညာခဲ့ပြီ နောက်တနေ့ မှာတော့ ပထမအသုတ် အနေနဲ့ မြန်မာနိုင်ငံ တ၀န်း အကျဉ်းထောင်တွေက အကျဉ်းသား ရာဂဏန်းလောက် ပြန်လွှတ်ပေးလိုက်တဲ့ အထဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီဝင်တွေ အပါအ၀င် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ သံဃာတော်တွေ၊ စာနယ်ဇင်းသမား တချို့နဲ့အတူ နိုင်ငံရေး အကျဉ်းသား ၅၀ လောက် ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ အခု အချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြန်လွှတ် ပေးဖို့ မျှော်လင့်ချက်နဲ့ တောင်းဆိုနေတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လွှတ်ပေးမလား ဆိုတာကတော့ မသေချာလှပါဘူး။ မြန်မာ နိုင်ငံက နိုင်ငံရေး ပြဿနာတွေကို ပြေလည်စေရေး အတွက်ဆိုရင်တော့ ဒီလို ဖမ်းဆီးထိန်းသိမ်း ထားသူတွေ အားလုံးကို ပြန်လွှတ် ပေးဖို့ လိုတယ် ဆိုပြီးတော့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

"အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ ခြေလှမ်းတွေလှမ်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးနိုင်မယ့် နောက်ထပ် လုပ်စရာ ရှိတာတွေ ဆက်လုပ်သွားဖို့အတွက်ကိုလည်း ထပ်လောင်း တောင်းဆိုထားတယ်လို့ ပြောခဲ့ပါတယ်။"

အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မီရှဲလ် မွန်းတပ်စ် ဖြစ်ပါတယ်။ ဒီလိုပဲ မြန်မာစစ်အစိုးရက အကျဉ်းသားတွေ မကြာခဏဆိုသလို လွှတ်ပေး တာမျိုးတွေ ရှိပေမယ့် ဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေကတော့ မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာ သူတွေက ဝေဖန်မှုတွေလည်း ရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ထဲမှာတုန်းက အကျဉ်းသား ၉,၀၀၀ ကျော်၊ ဒီနှစ် ဖေဖော်ဝါရီလထဲမှာ တုန်းကတော့ ၆,၀၀၀ ကျော် လွှတ်ပေးခဲ့ပေမယ့် ဒီအထဲမှာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ၀ါရင့် သတင်းစာဆရာ ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်ခဲ့တာပါ။

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး ဖြစ်တဲ့ (Amnesty International) က မြန်မာနိုင်ငံဆိုင်ရာ သုတေသန အရာရှိ တဦးဖြစ်တဲ့ ဘင်န်ဂျမင် ဇ၀က်ကီး (Benjamin Zawacki) ကတော့ နိုင်ငံရေးပြဿနာတွေ ပြေလည် စေရေး အတွက် ဆိုရင်တော့ ဒီနှုန်းအတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေလို့ မရဘူးလို့ ဆိုလိုက်ပါတယ်။

"နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေး ဖို့ထက် နည်းနည်းမှ မလျော့ရဘူး ဆိုရင်တော့ မသင့်တော်ပါဘူး။ ၂,၂၀၀ စလုံးကို တကြိမ်တည်းနဲ့ အစိုးရက အကုန်ပြန်လွှတ်ဖို့ ဆိုတာကလည်း ကျနော်တို့ မျှော်လင့်ထားတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လွှတ်ပေးနေတဲ့ ပုံစံကို ကြည့်မယ် ဆိုရင်တော့၊ ၆ လကနေ ၁ နှစ်လောက် အတွင်း တကြိမ်စီ၊ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကနေ ၂၅ ယောက်လောက် အထိပဲ လွှတ်ပေးနေတာကတော့ သိပ်ကို နည်းလွန်းပါတယ်။"

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန အရာရှိ ဘင်ဂျမင် ဇ၀က်ကီး ပါ။ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စစ်အစိုးရရဲ့ ကြေညာချက်ဟာဆိုရင် ကုလသမဂ္ဂ ဌာနချုပ်ရှိရာ နယူးယောက်ခ်မြို့မှာ ကျင်းပဖို့ ရှိနေပြီး၊ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက်လို့ ပြောကြ ဆိုကြဖို့ ရှိနေတဲ့ အထွေထွေ ညီလာခံ စတင်မယ့် အချိန်နဲ့လည်း တိုက်တိုက် ဆိုင်ဆိုင် ထွက်ပေါ် လာတာပါ။ ကုလသမဂ္ဂမှာ ဒီရက်ပိုင်းတွေ အတွင်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောကြဆိုကြမယ့် အထဲမှာတော့ လာမယ့် ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မြန်မာ့မိတ်ဆွေများအဖွဲ့နဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြဖို့ အစီအစဉ်လည်း တခု အပါအ၀င် ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်လို့ အာရုံစိုက် ပြောဆိုဖို့ ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ဟာလည်း ဒီဆွေးနွေးမှုမှာ ပါဝင်ဖို့ ရှိနေတာပါ။ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကတော့ ဖိတ်ကြားချက်ကို ငြင်းဆန် ထားတယ်လို့ ကုလသမဂ္ဂနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမယ့်၊ အတွင်းရေးမှူးချုပ်ရုံးကတော့ နိုင်ငံပေါင်း ၁၅ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေ ပါဝင် တက်ရောက်ဖို့ ရှိနေတဲ့ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးမယ့်သူတွေရဲ့ နောက်ဆုံးစာရင်းကို အတည် မပြုရသေးဘူးလို့သာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

0 comments: