မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ၊ နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပြန်ပြီး ရုပ်သိမ်း သွားစေချင်တယ် ဆိုရင်တော့ မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားပြီး ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့ ၊ မြန်မာစစ်အစိုးရကို ဧပြီလ ၆ရက် ဒီကနေ့မှာ ရေးသားလိုက်တဲ့ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ် ။

စစ်အစိုးရက ၂ဝဝ၇ခုနှစ် သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းများကို ငါးဆအထိ ရုတ်တရက် တိုးမြှင့်လိုက်သောကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ ဦးဆောင်ကာ စီတန်းလမ်းလျှောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ပါသည်။ (Photo: RFA)
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ အနေနဲ့ ဘာကြောင့် အခုလို အိတ်ဖွင့်စာ ရေးသားရတယ်ဆိုတဲ့ အကြောင်းကို ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုနေမျိုးက RFA ကို ရှင်းပြပါတယ် ။
ကိုနေမျိုး။ ။ 'ဒီနေ့ ပြည်တွင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကျပ်အတည်းတွေက အရမ်းဆိုးဝါးနေတယ်။ အဲဒီမှာ ကျွန်တော်တို့ NLDနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက ကြောင်းကျိုးဆီလျော်တဲ့ တောင်းဆိုချက် လေးချက်ကို တောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး၊ နောက် လွှတ်တော် ခေါ်ယူရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးသပ်ရေးပေါ့။ ဒီအချိန်မှာ နအဖကနေပြီးတော့ ဒီတောင်းဆိုချက်တွေကို အပြုသဘောနဲ့ မတုန့်ပြန်ပဲနဲ့မှ သူတို့ စစ်ဗိုလ်ချုပ်တစုရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပြီးတော့ အကုန်လုံးကို လက်ဝါးကြီးအုပ် သိမ်းပိုက်ဖို့ ကြိုးစားနေတယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု မှန်သမျှကိုလည်း မတရား ဖိနှိပ်ပြီးတော့ မတရားသဖြင့် ထောင်ချနေမယ်ဆိုလို့ရှိရင် တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်လာသမျှ ဆိုးကျိုးတွေ အားလုံးက ဒီနအဖရဲ့ တာဝန်သာ လုံးလုံးဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ပြောချင်တာပါ။'
အချက်၉ချက်ပါတဲ့ အဲဒီအိတ်ဖွင့်ပေးစာမှာ မြန်မာနိုင်ငံတွင်း လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေး ကျပ်တည်းမှု အခြေအနေနဲ့ ပြည်ပတိုင်းပြည်တွေရဲ့ စီးပွားရေး ပိတ်ဆို့ပြစ်ဒဏ်ခတ်မှုတွေဟာ မြန်မာစစ်အစိုးရက စွပ်စွဲနေသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြောင့် မဟုတ်ပဲ မြန်မာစစ်အစိုးရမှာသာ တာဝန်အရှိဆုံး ဖြစ်တာကြောင့် ၊ အများတောင်းဆိုနေသလို နိုင်ငံရေးအပြောင်းအလဲတွေ အမြန်လုပ်ဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အမြန်လုပ်ဖို့ကို ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့က တိုက်တွန်းလိုက်ပါတယ် ။ ဒါနဲ့ပတ်သက်လို့ ကိုနေမျိုး RFA ကို ပြောပြပါတယ်၊
ကိုနေမျိုး။ ။ 'နိုင်ငံတကာက ဒဏ်ခတ်တာကိုက ဒီ နအဖအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ လူတွေကို အကုန်လုံးကို မတရားသဖြင့် ဖိနှိပ်တယ်၊ ဖမ်းဆီးထောင်ချတယ်။ အပြီးကျတော့ သူတို့ရဲ့ အကျိုးစီးပွားတခုတည်းအတွက်ကိုပဲ ကြည့်ပြီးတော့ကျတော့ လူနေအိမ်ခြေတွေကိုလည်း မတရားသဖြင့် ရွှေ့ပြောင်းပြီးတော့ ဖျက်သိမ်းခိုင်းတာတွေ။ နောက်ပြီးကျတော့ လက်ရှိ တိုင်းပြည်ထဲမှာ ဘာတွေ ကြုံနေရသလဲဆိုတာကျတော့ တရားမဝင် လူကုန်ကူးမှုတွေ၊ နောက် ရွှေ့ပြောင်းလုပ်သားတွေ အဆမတန် များပြား လာမှုတွေ။ အဲဒါတွေက အရမ်းများနေတယ်။ အဲဒီတော့ နအဖအနေနဲ့ ဒါတွေကို ပြုပြင် ပြောင်းလဲနိုင်ဖို့အတွက် လောလောဆယ် ကျွန်တော်တို့ အရင်အရေးအကြီးဆုံး လုပ်ရမှာကတော့ နိုင်ငံတကာကလည်း တောင်းထားတဲ့ NLDနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီက တောင်းထားတဲ့ အချက်တွေကို အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေနဲ့ တုန့်ပြန်ပေးစေချင်တာပါ။
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေး အကြပ်ပြဿနာဟာ နိုင်ငံတကာရဲ့ ပိတ်ဆိုဒဏ်ခတ်မှုဆိုတာထက် ၊ မြန်မာစစ်အစိုးရရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုကြောင့်သာလျှင် ပြည်သူတွေ ဆင်းရဲနေရတာ ဖြစ်ကြောင်း ကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုနေမျိုးက RFA ကို ရှင်းပြခဲ့ပါတယ် ။
မြန်မာစစ်အစိုးရကို နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ RFA မှ ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင် တိုက်ရိုက်နားစဉ် ရန်
RFA သတင်းမှ















0 comments:
Post a Comment