စောစောအိပ် ကြည့်မလား
ဘဝတွေက
လောက ဇာတ်ခုံပေါ်က
မီးဆလိုက်တွေလို
မှိတ်တစ်ခါ လင်းတစ်လှည့်
မွေးဖွားခြင်းနဲ့
သေဆုံးခြင်းကြား
လူးလာ ခေါက်ပြန်
ရုံးကန်လုပ်ရှားနေကြရ။
ချမ်းသာဖို့ မမျှော်ကိုးပါဘူး-
စားရရုံး....တစ်ဝမ်းတခါး အတွက်ပါ။
ဝတ်ရရုံ....တစ်ကိုယ်စာ အတွက်ပါ။
နေရရုံ....ကျောတစ်ခင်းစာ အတွက်ပါ။
ဒါတောင်မှ ကံကျမ္မာက မျက်နှာသာမပေး
အဆင်ပြေကြ အဆင်မပြေရနဲ့။
ကံဆိုးမသွားရာ..မိုးလိုက်ရွာတယ်လို့လည်း
မပြောချင်တော့ ပါဘူး။
လောကဓံ ကို ခါးစီးခံလို့
အံကြိတ် ခဲ့ ရတာလည်း
အံသွားတွေတောင် တိုနေပြီ။
ဟေ့လူ…ခင်ဗျာ-
အဆင်ပြေရဲ့လား..
ဒီလိုပါပဲ
ခင်ဗျား… ကရော...
မထူးပါဘူး။
ကိုယ်ပျိုးခဲ့တဲ့ ပန်း
ကိုယ် မပန် ရတာရှိသလို
ကိုယ် စိုက်ခဲ့ တဲ့ အသီး
ကိုယ်မစား ရတာလည်း
မထူးဆန်တော့ဘူး။
တစ်ခါတစ်လေကြတော့လည်း
လူဖြစ်ရတာ..ကောင်းသလို
မကောင်းသလိုနဲ့
စိတ်ညစ်ရတဲ့ အကြိမ်ပေါင်းလည်း
မနည်းတော့ဘူး။
ဇာတ်ခုံပေါ် က
သရုပ်ဆောင်တစ်ယောက်က
အသေစောရင်
စောစော အိပ်ရတယ်
ခင်ဗျားရော..ကျွန်တော်ရော-
...........................
...........................
အဲဒီလို…. ဆိုရင်ရော ဗျာ။
မိုးသွေးငယ်။
၁၀၊၃၊၂၀၀၉















0 comments:
Post a Comment