ပရင့်၊ပီဒီအက်

Monday, March 9, 2009

လျှပ်စစ်မီးမရတဲ့ ကျောင်းသားတွေနဲ့ လျှပ်စစ်ရုံး ပဋိပက္ခဖြစ်

ဆယ်တန်းစာမေးပွဲတွေ ဖြေဆိုချိန်နီးလာနေတဲ့ အချိန်မှာပဲ ရန်ကုန်တိုင်း တွံတေးမြို့အတွင်း လျှပ်စစ်မီးပုံမှန် မရရှိတဲ့အတွက် ကျောင်းသူကျောင်းသားတွေ စာကျက်ဖို့ အဆင်မပြေ ဖြစ်နေတာကြောင့် လျှပ်စစ်မီး ပုံမှန်ပြန်ပေးဖို့ မနေ့က မတ်လ ၇ ရက်နေ့မှာ မြို့နယ်လျှပ်စစ်ဌာနကို သွားရောက်ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုရာမှာ အဆင်မပြေ ဖြစ်ခဲ့ပြီး ကျောင်းသူကျောင်းသား ၁၅ ဦးလောက်က လျှပ်စစ်ရုံးကို ခဲတွေနဲ့ ဝိုင်းပေါက်ခဲ့ကြတယ်လို့ သိရပါတယ်။
မြို့ခံတဦးက RFA ကို အခုလို ပြောပါတယ်။

'ည ဆယ်နာရီလောက်က အခြေခံပညာအထက်တန်းကျောင်းက ကျောင်းသူ ရှစ်ဦးနဲ့ ကျောင်းသား ခွန်နှစ်ဦး။ ကျောင်းသူ မသီတာ ဦးစီးပြီးတော့ သွားပြီး ထုတာပေါ့။ ပထမ သူတို့က လျှပ်စစ်ဝန်ထမ်းကို သွားပြီးမေးတယ်။ ရေခဲစက်တွေ၊ တီဗွီဂိမ်းတွေ၊ ဘောလုံးပွဲရုံတွေကိုတော့ ပေးတယ်၊ ရပ်ကွက်ထဲမှာကျတော့ ဘာကြောင့် မီးမလာတာလဲဆိုတော့ လျှပ်စစ်ဝန်ထမ်းတွေက နိုင်ငံတော်အစိုးရရဲ့ မူဝါဒက ဓာတ်ဆီဈေးနှုန်းတွေ ကျတဲ့အတွက် မီးမလာတဲ့အခါကျရင် လူတွေက ဒီဇယ် ဓာတ်ဆီ ဝယ်ပြီးသုံးရရင် ဓါတ်ဆီဈေးတွေ တက်လာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မီးမပေးခိုင်းလို့ မပေးတာလို့ ပြောတယ်။ နောက် ကျောင်းသူကျောင်းသားတွေကို တိုင်ချင်ရင် ဒီကိုမလာကြနဲ့ နိုင်ငံတော်အကြီးအကဲတွေကို တိုင်လို့ ပြောတဲ့အတွက်ကြောင့် စိတ်ဆိုးမာန်ဆိုးနဲ့ ခဲနဲ့ထုကြတာ'

အခုလို လျှပ်စစ်ရုံးကို ခဲတွေနဲ့ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေက လိုက်လံမေးမြန်းနေသလို ပါဝင်ခဲ့သူ ကျောင်းသား ၂ ဦးကိုလည်း ဒီကနေ့မှာ မြို့နယ်ပညာရေးမှူးက ခေါ်ယူမေးမြန်း နေတယ်လို့လည်း သိရပါတယ်။

'ဒီကျောင်းသူကျောင်းသားလေးတွေကို မြို့နယ်ပညာရေးမှူးရုံးမှာ မေးမြန်းနေတယ်၊ ဘာကြောင့်ထုတာလဲ ဘယ်သူက ထုခိုင်းလဲပေါ့။ ကျောင်းသူကျောင်းသားတွေဆိုတော့ ဆက်ပြီးအရေးယူမယူတော့ မသိသေးဘူး။ အခြေအနေကတော့ မီးပဲပေးမလား၊ အရေးယူမလားတော့ မသိသေးဘူး။ မီးက မလာတာ လပေါင်းများစွာ ကြာနေပြီ'

တွံတေးမြို့တွင်း ကျောင်းသူကျောင်းသားတွေ စာကျက်နိုင်ဖို့ လျှပ်စစ်မီး ပုံမှန်မရရှိကြပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေကို ငွေကြေးပေးဆောင်နိုင်သူတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးတွေကတော့ မီးအမြဲတမ်း ရရှိနေတယ်လို့လည်း တွံတေးမြို့ခံက ဆက်ပြောပါတယ်။

'မြို့ပေါ်မှာ မီးမလာတာ တော်တော်ကြာနေပြီ။ တလမှာ လေးငါးရက်လောက်ပဲလာတယ်။ လာတဲ့အချိန်မှာလည်း ငါးမိနစ်လောက်ပဲ လာတယ်။ အခု ဆယ်တန်းစာမေးပွဲတွေက နီးနေပြီ။ တချို့ဆိုရင် ကျူရှင်လည်း မတက်နိုင်ဘူး။ စာမေးပွဲနီးတဲ့အခါကျတော့ ဖယောင်းတိုင်မီးကို အားကိုးနေရတယ်။ ဘယ်နေရာတွေမှာ မီးလာလဲဆိုတော့ ရေခဲစက်တွေ၊ တီဗွီဂိမ်းဆိုင်တွေ၊ ဘောလုံးပွဲရုံတွေမှာ မီးလာတယ်။ ဒါပေမယ့် လျှပ်စစ်ဝန်ထမ်းတွေက လစဉ် မီတာထိန်းသိမ်းခ ငါးရာတော့ ပုံမှန် လာကောက်တယ်၊ မီးကတော့ မပေးဘူး။ ရေခဲစက်တွေ၊ တီဗွီဂိမ်းဆိုင်တွေ၊ ဘောလုံးပွဲရုံတွေမှာ လစဉ်ကြေးကို လျှပ်စစ်ဦးစီးမှူးက တလကို လေးသောင်းကောက်ပြီးတော့ မီးပေးနေတာ'

တွံတေးမြို့တွင်း လျှပ်စစ်မီး မရရှိကြတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြို့ခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

RFA သတင်းမှ


0 comments: