မုံပီး |
| |
| အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်တကွ နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီနှင့် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ ဂမ်ဘာရီနှင့် မတွေ့ဆုံမီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရဧည့်ဂေဟာ၌ ၁၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့သည်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး ကုလသံတမန်ကြီးကို တောင်းဆိုရာတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ အခြေခံဥပဒေကို ပြန်လည်ဆန်းစစ်မှု ပြုရန်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့် ပါလီမန်ဖွဲ့ရန်တို့အတွက် စစ်အစိုးရကို ဖိအားပေးသွားရေး တောင်းဆိုလိုက်သည်။ ဒီချုပ်က လွန်ခဲ့သည့် သီတင်းပတ်အတွင်း နေအိမ်တွင် ချုပ်နှောင်ခံနေရသူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် တွေ့ဆုံခွင့်ပေးရန် အစိုးရကို တောင်းဆိုခဲ့ပြီး၊ ပျက်ကွက်ပါက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးကိုယ်စားလှယ် ဂမ်ဘာရီကို ဆွေးနွေးစရာ စကားမရှိဟု အမှာပါးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မစ္စတာ ဂမ်ဘာရီတို့၏ သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် ရန်ကုန် အစိုးရဧည့်ဂေဟာတွင် တနာရီခန့် ကြာမြင့်ခဲ့သည်။ သို့သော် အစည်းအဝေးသို့ နှစ်ကာလကြာရှည် အကျဉ်းထောင်တွင်း၌ နေခဲ့ရပြီး၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြန်လွတ်လာသူများဖြစ်သော ပါတီထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ခွင့် မရခဲ့ဟု သိရသည်။ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေ ပါဝင်ခြင်း မပြုရန် ပြည်ထဲရေးဝန်ကြီးဌာနက သီးခြားမေတ္တာရပ်ခံခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။ မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေးမှုအပေါ် အားရကျေနပ်မှုရှိပါသလားဆိုသော သတင်းထောက်တဦး၏ အမေးကို ဒီချုပ် တာဝန်ရှိသူများက ဖြေကြားခြင်း မပြုခဲ့ပါ။ ပြီးခဲ့သည့် စနေနေ့က စတင်၍ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ရန်ကုန်သို့ ရောက်ရှိခဲ့သည့် မစ္စတာ ဂမ်ဘာရီသည် နေပြည်တော်သို့ မနက်ဖြန်တွင် သွားရောက်မှာဖြစ်သော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့် ရ၊ မရ မသေချာသေးပေ။ ကုလကိုယ်စားလှယ်၏ နောက်ဆုံး ခရီးစဉ် ၃ ခေါက်တွင် ဗိုလ်ချုပ်မှူးကြီးက ရှောင်တိမ်းနေခဲ့သည်။ ပြီးခဲ့သည့်နှစ် သြဂုတ်လက ခရီးစဉ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကုလကိုယ်စားလှယ်ကို တွေ့ဆုံခွင့် ငြင်းပယ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၁၉ နှစ်ကျော်အတွင်း ၁၃ နှစ်ကျော်မှာ အထိန်းသိမ်းခံခဲ့ရသည်။ မစ္စတာဂမ်ဘာရီသည် စနေနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ရန်ကုန်ရှိ ကုလသမဂ္ဂရုံးအရာရှိများနှင့် တွေ့ဆုံခဲ့သည်။ တနင်္ဂနွေနေ့တွင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်နှင့် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့အပြင် ရန်ကုန်ရှိ သံတမန်များနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ |
(မဇ္ဈိမ)မှကူးယူပါသည်။















0 comments:
Post a Comment