ထိုင်းနိုင်ငံမှာ လှေစီးရိုဟင် ဂျာဒုက္ခသည် တဦးမျှထိန်းသိမ်းထားတာ မရှိတော့ကြောင်း၊ ထိုင်းနိုင်ငံထဲ တရားမဝင် လာရောက်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အားလုံးကို ထိုင်းဖက်က ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းဘုရင့်ရေတပ်မှ ရိုက်ကူးထားသော (ရက်စွဲမသိ) ဓါတ်ပုံတွင် ထိုင်းနိုင်ငံ တောင်ပိုင်း Similan ကျွန်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ တရားမဝင်ခိုးဝင်လာသူများ ထမင်းစားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ထိုင်းတပ်မတော်ရဲ့ ပြည်တွင်းလုံခြုံရေးတပ်က သတင်းအချက်အလက်တွေအရ ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ တရားမဝင် နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံက ပြန်ပို့လိုက်ကြောင်း၊ ဒီလိုပြန်ပို့ရာမှာ လူသားချင်းစာနာမှုနဲ့ အစာရေစာ၊ ဆေးဝါးနဲ့ လှေတွေ စက်တပ်ပြီး တင်ပို့လိုက်တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် Mr. Thani Thongpakdi က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ဘယ်နိုင်ငံကို ပို့လိုက်သလဲလို့ မေးရာမှာ လာရာ နိုင်ငံတကာ ပင်လယ်ဘက်ကို ပြန်ပို့လိုက်တာလို့ Mr. Thani က ပြောကြောင်း ဟောင်ကောင်ထုတ် The South China Morning Post သတင်းစာက ဒီကနေ့ ရေးသားပါတယ်။ ဒီသတင်းစာဟာ ရိုဟင်ဂျာလှေစီး ဒုက္ခသည်တွေကို ထိုင်းရေတပ်က ပင်လယ်ဖက် ပြန်ပို့ခဲ့လို့ ဒုက္ခသည်တွေ သေဆုံးခဲ့တာတွေကိုစပြီး ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းစာဖြစ်ပါတယ်။
အခုလို ထိုင်းအာဏာပိုင်တွေက မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ်က နိုင်ငံမဲ့ ဒုက္ခသည်တွေကို ပင်လယ်ဖက်ကို နောက်ဆုံးပြန်ပို့လိုက်တာဟာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တွေ့ခွင့်ပေးဖို့ တောင်းဆိုထားတာကို မသိကျိုးက္ဆွံပြု ပြည်နှင်ဒဏ်ပေးလိုက်တာလို့ သတင်းက ရေးပါတယ်။
ဘန်ကောက်မြို့မှာ ရောက်ရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International က မြန်မာနိုင်ငံဆိုင်ရာ ပြောခွင့်ရသူ Mr. Ben Zawacki က AI အဖွဲ့ကြီးအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ UNHCR အဖွဲ့ကို တွေ့ခွင့်ပေးဖို့ တောင်းဆိုနေတာ ကြာပါပြီလို့ ပြောပါတယ်။
ဒီသတင်းတွေသာ မှန်ခဲ့ရင် ဒါဟာ စိတ်ပျက်စရာနဲ့ အံ့သြစရာ ကိစ္စပဲဖြစ်ပါတယ်။ တကယ်သာ ထိုင်းအစိုးရက ဒုက္ခသည်တွေကို ဒီလိုပြန်ပို့ခဲ့ရင် ဒါဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ရဲ့ စကားနဲ့လည်း မညီတဲ့လုပ်ရပ်ပါလို့ ပြောသွားပါတယ်။
ဒီကနေ့ ထိုင်းနိုင်ငံထုတ် Bangkok Post နဲ့ The Nation သတင်းစာတွေမှာတော့ ထိုင်းဝန်ကြီးချုပ် Mr. Abhisit က UNHCR ရဲ့ တောင်းဆိုချက်ကို တရားဝင် တောင်းဆိုလာရင် တွေ့ခွင့်ပေးမယ့် အကြောင်း ပြောကြားထားပါတယ်။ ဘန်ကောက် UNHCR ရုံးက ပြောခွင့်ရသူ Ms. Kitty McKinsey ကတော့ အခုချိန်အထိ ဒီကိစ္စတရားဝင် အကြောင်းတာ မရှိသေးဘူးလို့ ပြောပါတယ်။
UNHCR ရုံးအနေနဲ့ ထိုင်းအစိုးရဖက်က တရားဝင် အကြောင်းပြန်တာ မရှိသေးတဲ့အတွက် တွေ့ခွင့် တောင်းထားတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ နောက်ဆုံးသတင်းတွေကို တရားဝင် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

RFA မှကူးယူမျှဝေပါသည်။

0 comments:
Post a Comment