ဇာနည်ဝင်း
ထိုင်း ဝန်ကြီးချုပ်သစ် အဖိဆစ် ဝေ့ချာချီဝက မြန်မာပြည် အကြပ် အတည်းသည် ဒေသတွင်း နိုင်ငံများကို ထိခိုက် သောကြောင့် ၎င်း၏ အစိုးရက မြန်မာပြည် အရေးကို ယခင်ကထက် ပိုမို လုပ်ဆောင်သွားမည်ဟု ယမန်နေ့က ပြောကြားလိုက်သည်။
ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းက ပြုလုပ်သည့် ညစာစားပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
မြန်မာပြည် အပြောင်းအလဲအတွက် စီးပွားရေးပိတ်ဆို့မှုဖြင့် ဖိအားပေးသည့် အနောက်နိုင်ငံများ၏ နည်းလမ်းသည် အလုပ်မဖြစ်ဟု ဝန်ကြီးချုပ်သစ်က ဆိုသည်။
ထိုင်းနိုင်ငံ The Nation သတင်းစာ အယ်ဒီတာ ကဝီ ချောင်ခစ်တာဗွန် က ဝန်ကြီးချုပ်သစ်သည် မြန်မာပြည်အရေး နှင့်ပတ်သက်၍ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ဖွယ်ရှိသည်ဟု သုံးသပ်သည်။
“လက်ရှိအစိုးရက ဒီမိုကရက်တစ်ပါတီအစိုးရ ဆိုတော့ အရင် မစ္စတာသက်ဆင် အစိုးရထက် စာရင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချည်းကပ်ပုံ ကွာခြားမှာပါ။ အဖိဆစ်က အများကြီး လုပ်နိုင်ပါလိမ့်မယ်” ဟု မစ္စတာ ကဝီက ပြောပြသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်လွှင့်သည့် အယ်လ်ဂျာ ဇီးယား ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင်လည်း ဝန်ကြီးချုပ်သစ်က “(အရှေ့တောင်အာရှနိုင်ငံများအသင်း - အာဆီယံ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေဆိုတာ နိုင်ငံတကာရဲ့အမြင်မှာ အင်မတန် အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ကျနော်တို့ကို အထင်သေးမယ်၊ မယုံကြည်ဘူးဆိုရင် (အာဆီယံ) အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်မှာမဟုတ်ဘူး” ဟု မစ္စတာ အဖိဆစ်က ဆိုသည်။
မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် အာဆီယံနိုင်ငံများက ကူညီရမည်ဟုလည်း ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ လက်ရှိ အလှည့်ကျ ဥက္ကဌ ဖြစ်သည်။ မစ္စတာ အဖိဆစ်သည် ပြီးခဲ့သည့်လ ၁၅ ရက်နေ့က ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အနောက်နိုင်ငံများက ဖိအားပေး ဆောင်ရွက်နေပြီး၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဧရာဝတီကပြုလုပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး မတ်ခ် ကန်းနင်းနှင့် ဆက်သွယ် မေးမြန်းခန်းတွင် သံအမတ်ကြီးက “ဒေသတွင်းက နိုင်ငံတွေ အဓိက လုပ်ဆောင်ရမယ့် အချက်ကတော့ ကုလသမဂ္ဂက (မြန်မာ့အရေး) ကြိုးပမ်း လုပ်ဆောင်နေတာတွေကို ပိုပြီး တညီတညွတ်တည်း ထောက်ခံမှုရအောင် လုပ်ဖို့ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောကြားသွားသည်။
လူငယ်တဦး ထောင် ၁၀၄ နှစ် ချခံရ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) (အထက်ဗမာပြည်) အဖွဲ့ဝင်တဦး ထောင်ဒဏ် ၁၀၄ နှစ် ချမှတ် ခံခဲ့ရသည်ဟု အတိုက်အခံ သတင်း ရပ်ကွက်က ဆို သည်။
ဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီးသည် အသက် ၂၀ ကျော် လူငယ်တဦး ဖြစ်ပြီး မန္တလေး ထောင်အတွင်း အကျဉ်းရုံး တရားစီရင် ခံခဲ့ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဆိုသည်။
ဗိုလ်မင်းယုကိုအား တရားစီရင်ရာတွင် ရှေ့နေနှင့် မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ကြောင်း AAPP အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဧရာဝတီသို့ ပြောပြသည်။
“စစ်အစိုးရက မူးယစ်ဆေး ကုန်ကူးတဲ့ သူတွေကိုဆိုရင် သက်သက် ညှာညှာ ထောင်ချတယ်။ နိုင်ငံရေး လုပ်တဲ့ သူတွေကို ဆိုရင်တော့ ထောင်ဒဏ် နှစ်ရှည်တွေ ချတယ်” ဟု ကိုဘိုကြည်က ဆိုသည်။
ဗကသ (အထက်ဗမာပြည်)မှ အဖွဲ့ဝင် ၃ ဦးသည်လည်း ပြီးခဲ့သည့်လက ကြီးလေးသည့် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရကြောင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။
“ကိုညီက ထောင်အနှစ် ၅၀ ချခံရတယ်၊ ကိုဝေမျိုးထူး နဲ့ မကေသီအောင်က ထောင် ၂၆ နှစ်စီ ချခံရတယ်” ဟု ကိုထွန်းထွန်းကဆိုသည်။
အသက် ၂၃ နှစ်အရွယ်ရှိ မကေသီအောင်သည် ကိုထွန်းထွန်း၏ ဇနီးသည်ဖြစ်ပြီး ကိုယ်ဝန် ၆ လ ရှိသည်ဟု သိရသည်။
AAPP အသင်း၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၃ လအတွင်း နိုင်ငံရေးသမား အနည်းဆုံး ၂၈၀ ထောင်ဒဏ်ချမှတ်ခံရကြောင်း၊ ၎င်းတို့အထဲတွင် ဗိုလ်မင်းယုကိုသည် ထောင်ဒဏ် အများဆုံး ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ။
ဧရာဝတီ မှကူးယူမျှဝေပါသည်။
မိုးသွေးငယ်
Thursday, January 15, 2009
Subscribe to:
Post Comments (Atom)















0 comments:
Post a Comment