မလေးရှား နိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၃၀၀ ခန့်ကို ၎င်းတို့ လုပ်ကိုင် နေသည့် စက်ရုံများက အလုပ်သမား လျှော့ချသည့် အနေဖြင့် မြန်မာ ပြည်သို့ ပြန်ပို့လိုက်ကြောင်း မလေးရှား နိုင်ငံရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့က ပြောသည်။
အဆိုပါ မြန်မာ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်းက “စက်ရုံတွေမှာက စီးပွားရေး ကျတော့ အလုပ်သမား လျှော့တယ်၊ ပြန်ပို့မယ် ဆိုတာကို ကြိုတင် အကြောင်းကြားတာ မရှိဘူး၊ အလုပ်သမား အရေး ဌာနတွေ မသိအောင် တိုးတိုး တိတ်တိတ် ပို့တာဖြစ်တယ်။ မနက်ဖြန် ပို့မယ်ဆို ညမှ သိရတာပါ၊ တချို့လည်း ငိုပြီး ပြန်သွားကြတယ်၊ ကြိုသိတဲ့သူ တချို့ကလည်း ထွက်ပြေးကြတယ်” ဟု ပြောသည်။
ယင်းသို့ ပြန်ပို့ခဲ့သည့် စက်ရုံများမှာ ကလန်မြို့ရှိ Press Metal Berhad အလူမီနီယံ စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်၊ ရာဘာ လက်အိတ် စက်ရုံမှ ၆၀ ခန့် နှင့် ဂျိုဟိုးမြို့ရှိ အထည်ချုပ် စက်ရုံတို့မှ မြန်မာ အလုပ်သမား အမျိုးသမီးများ ပါဝင်ပြီး ၎င်းတို့သည် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်တွင်း ပြန်ပို့ခံသူများ ဖြစ်ကြောင်း သိရသည်။
၎င်း မြန်မာ လုပ်သားများအား နေရပ်သို့ ပြန်ပို့သည့် ကိစ္စနှင့် ပတ်သက်ပြီး Press Metal Berhad အာလူမီနီယံ စက်ရုံမှ နိုင်ငံခြား အလုပ်သမားများ အရေး စီစဉ် ဆောင်ရွက်သူ MR.Low ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ “ကျနော်တို့ ကုမ္ပဏီရဲ့ သတင်း အချက် အလက် တွေကို ဖုန်းနဲ့ ဖြေကြားခြင်း မရှိပါဘူး” ဟု ဖြေကြားသည်။
ကိုရဲမင်းထွန်းက ဆက်လက်ပြီး “ဒီ ရာဘာ လက်အိတ် စက်ရုံကို ရောက်လာတာ အလုပ်သမား တွေဆို တနှစ် မပြည့်သေးဘူး၊ အလုပ်သမား အေဂျင်စီတွေနဲ့ စာချူပ်အရ လုပ်သက် သက်တမ်း သုံးနှစ်မပြည့်ရင် work permits ဖြတ်ခံရတာတို့၊ အကြွေး မကျေတဲ့ ပြဿနာတွေနဲ့ ကြုံကြရတယ်၊ မနေ့ တနေ့ကပဲ လူသုံးရာကျော် ပြန်ပို့ခံရတယ်၊ နောက်ထပ် မြန်မာ လုပ်သား အသစ်တွေကို မြန်မာ အလုပ်သမား အေဂျင်စီ တွေက ထပ်ပို့လိုက်တယ်၊ သူတို့တွေ ဘယ်မှာ အလုပ်သွားလုပ် ကြမလဲ” ဟု ပြောသည်။
မလေးရှား နိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာပြည်သား အလုပ်သမား ခန့်မှန်းခြေ စုစုပါင်း ၃ သိန်းခန့် ရှိကြောင်းလည်း သိရသည်။
ဧရာဝတီ















0 comments:
Post a Comment