ကျော်ထင်(ထိုင်း) / ၂ အောက်တိုဘာ ၂၀၀၇-
ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည့် သံဃာများနှင့် ပြည်သူလူထုကို သတ်ဖြတ်ဖမ်းဆီးနေသော နအဖ စစ်အစိုးရအား ကန့်ကွက်ဆန္ဒပြမှုတရပ်ကို မလေးရှားနိုင်ငံရောက် မြန်မာ တိုင်းရင်းသားလူမျိုးများက ကွာလာလမ်ပူရှိ မြန်မာသံရုံးအပါအ၀င် တရုတ်နှင့်ရုရှသံရုံးရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများပူးပေါင်း ဆောင်ရွက်ရေး အင်အားစု Ethnic Nationalities Joint Force(Burma) မှ ဦးဆောင်ပြီး ကချင်၊ ကရင်၊ ကယား၊မွန်၊ ရခိုင်၊ ရှမ်းနှင့် ချင်းလူမျိုး (၄,၀၀၀)ကျော်ခန့်သည် မိစ္ဆာဒိဋ္ဌိလူသတ်အစိုးရ အလိုမရှိ၊ အကြမ်းဖက်သတ်ဖြတ်မှုချက်ချင်းရပ်၊ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေးနှင့် ဒီမိုကရေစီရရှိရေး ဒို့အရေး အစ ရှိသော ကြွေးကြော်သံများကိုတိုင်ပြီး ဆန္ဒပြကြခဲ့ခြင်းဖြစ်သည်။ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရခိုင်မျိုးသားတဦးဖြစ်သူခိုင်ဘခင်က “ရဟန်းသံဃာတွေနဲ့ ပြည်သူတွေကို ဒီလို လူမဆန်စွာသတ်ဖြတ်ဖမ်းဆီးနေတာတွေတွေ့ရတော့ ကျနော်တို့ရဲ့စိတ်မှာ ဖော်ပြမတတ် အောင်ခံစားရပါတယ်။ ဘုရားသားတော်တွေသတ်ဖြတ်ခံရမှုတွေဟာ အင်မတန်လည်း ၀မ်းနည်းစရာ ကောင်းပါတယ်” ဟု ပြောသည်။
၎င်းက မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေသရွေ့၊ မပြောင်းလဲသရွေ့စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများ က မလေးရှားအတိုက်အခံပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် လက်တွဲပြီးဆက်လက်ဆန္ဒပြ မှုများ လုပ်ဆောင်သွားမည်ဟုပြောသည်။
ဆန္ဒပြပွဲတွင်ပါဝင်သည့် ရှမ်းတိုင်းရင်းသား စိုင်းဆမ်ကလည်း “အရင်တုန်းက မလေးရှားမှာတိုင်းရင်း သားတွေ အခုလိုပေါင်းစည်းပြီး ကြီးကြီးမားမားဆန္ဒပြတာမရှိခဲ့ပါဘူး။ ပြည်တွင်းကတိုင်းရင်းသား ပြည်သူတရပ်လုံး ဖမ်းဆီးသတ်ဖြတ်ခံပြီးလှုပ်ရှားနေတာကို သွေးစည်းညီညွတ်မှုရှိတယ်ဆိုတာ ပြသဖို့လိုအပ်လို့ ဒီလိုပြုလုပ်ရတာပါ” ဟုပြောသည်။
ယခင်ကကွာလာလမ်ပူတွင် အလားတူဆန္ဒပြမှုများပြုလုပ်ခဲ့စဉ်က ရဲတပ်ဖွဲ့မှ ဖမ်းဆီးတားမြစ်ခြင်းများ ရှိခဲ့သော်လည်း ယခင်လအတွင်း စစ်အစိုးရက သံဃာများနှင့် ပြည်သူလူထုကို သတ်ဖြတ်ဖမ်းဆီးမှုများလုပ်ခဲ့ပြီးနောက်ပိုင်း ပြုလုပ်သောဆန္ဒပြပွဲများကိုမူ အချိန်အကန့်အသတ်ဖြင့်လုပ်ခွင့်ပေးထားသည်ဟု သိရသည်။
အလားတူ ယနေ့ နေ့လယ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးရှေ့၌့ ချင်းမိုင်အခြေစိုက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများ၊ ထိုင်းလူမျိုးများ၊ အန်ဂျီအိုများ စုပေါင်းထားသည့်Lanna Action for Burma မှ လူအင်အား (၁၅၀) ခန့်က မြန်မာစစ်အစိုးရ၏ ရက်စက်ကြမ်းကြုပ်မှုများအပေါ် အိန္ဒိယအစိုးရမှ ရေငုံနှုတ်ပိတ်နေမှုနှင့် သတ်ဖြတ်ဖမ်းဆီးမှုများစတင်ချိန်တွင်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း၊ ငွေချေးခြင်းတို့ လုပ်ခဲ့သည့်အတွက် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ကန့်ကွက်စာကို ကောင်စစ်ဝန်ရုံးသို့ ပေးပို့ခဲ့ကြသည်။
By NEJ (ခေတ်ပြိုင် - မှ ကူးယူဖော်ပြပါသည်)
Wednesday, October 8, 2008
Subscribe to:
Post Comments (Atom)















0 comments:
Post a Comment